(ဆ)-ရပ်ကွက်(သို့)ကျေးရွာအုပ်စုများ၌ပြုစုထားရှိရ မည့် စာရင်း ဇယားများကိုတိကျမှန်ကန်စေရန်မည် ကဲ့သို့ဆောင်ရွက်ရန်နှင့်ရုံးပုံမှန်မတက်သောဝန်ထမ်း များကို မည်ကဲ့သို့အရေးယူဆောင်ရွက်နေသည်ကို သိလိုခြင်း နှင့် စပ်လျဉ်းသည့် မေးခွန်း
မိမိတို့နိုင်ငံတွင် သန်းခေါင်စာရင်းကောက်ခဲ့ကြရာ ခန့်မှန်း သန်း ၆၀ ရှိသော်လည်း အမှန်တကယ်မှာ ၅၂ သန်း ပတ်ဝန်းကျင်ဖြစ်ပါကြောင်း၊ တစ်ချိန်တည်းမှာပင် ရွေးကောက်ပွဲစာရင်းများ ထွက်လာရာတွင်လည်း စာရင်းများ မှန်ကန်ခြင်း များ ရှိပါကြောင်း၊ ထိုသို့ဖြစ်ရခြင်းမှာ အုပ်ချုပ်ရေးဆိုင်ရာ စာရင်းဇယားများ မိမိတို့ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်ချုပ်ရေးမှူး ဥပဒေအရ အုပ်ချုပ်ရေးဆိုင်ရာ စာရင်းဇယားပုံစံ ၉ မျိုးရှိသော်လည်း ပြည့်စုံမှုမရှိသဖြင့် ထိုကဲ့သို့သော ပြဿနာများ ဖြစ်လာပါကြောင်း၊
စီးပွားရေးဆိုင်ရာ စာရင်းပုံစံ ၇ မျိုး၊ လူမှုရေးဆိုင်ရာစာရင်းများ ပုံစံ ၇ မျိုး၊ ရုံးတွင်းစီမံခန့်ခွဲမှု စာအုပ်များပုံစံ ၄ မျိုး၊ လုံခြုံရေးဆိုင်ရာစာအုပ်များပုံစံ ၇ မျိုး ရှိပါကြောင်း၊ ယင်းပုံစံများအားလုံးကို မှန်မှန်ကန်ကန် ဖြည့်စွက်ထားမည်ဆိုပါက အုပ်ချုပ်ရေး၊ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် စီးပွားရေးမဟာဗျူဟာများ ချမှတ်သည့်နေရာခြင်း၊ တိုင်းပြည်၏ ဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်ခြင်း စသည့်နေရာများတွင် အဆင်ပြေချောမွေ့မည်ဖြစ်ပါကြောင်း၊
ပြဿနာများကို ကြည့်ရာတွင် မဲဆန္ဒရှင်ပြည်သူများ တင်ပြချက်အရ ကျေးရွာကစာရေးများသည် သက်ဆိုင်ရာရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်ချုပ်ရေးမှူးရုံးများတွင် မလာရောက်သည့်အတွက် Dataများ များနေခြင်းဖြစ်ပါကြောင်း၊ မိမိတို့ ကိုယ်စားလှယ်များ အချင်းချင်းပြောကြရာတွင်လည်း တစ်နိုင်ငံလုံး၌ ထိုကဲ့သို့သော ကိစ္စများ ဖြစ်နေသည်ကို သိရပါကြောင်း၊
ထို့ကြောင့် ပြည်ထဲရေးဝန်ကြီးဌာနအနေဖြင့် သက်ဆိုင်ရာရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုများတွင် ထားရှိရမည့် စာရင်းဇယားများ တိကျမှန်ကန်ရန်အတွက် မည်သို့ ဆောင်ရွက်ထားသည်ကို သိရှိလိုပါကြောင်း၊ ထိုသို့ မေးမြန်းရခြင်း အကြောင်းအရင်းမှာ ဖွဲ့စည်းပုံအခြေခံဥပဒေ၌ ပုဒ်မ ၂၈၈ တွင် ခရိုင်အဆင့်နှင့် မြို့နယ်အဆင့်တို့၏ အုပ်ချုပ်ရေးကို နိုင်ငံဝန်ထမ်းများအား တာဝန်ပေး ဆောင်ရွက်စေရမည်ဟု ပါဝင်ပါကြောင်း၊ ထို့အပြင် ကျေးရွာများရှိ ကျေးရွာ စာရေးများသည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ဝန်ထမ်းများဖြစ်ပါကြောင်း၊ ထို့ကြောင့် ခရိုင်၊ မြို့နယ်၊ ကျေးရွာစာရေးများအားလုံးသည် ပြည်ထဲရေးဝန်ကြီးဌာန၏ စီမံခန့်ခွဲမှုအောက်တွင် ရှိပါကြောင်း၊ ထို့နောက် ပြည်သူလူထုက ရွေးချယ် တင်မြှောက်သည့် အတွက် ဖြစ်လာသော သက်ဆိုင်ရာရပ်/ကျေး ဥက္ကဋ္ဌသည်လည်း မြို့နယ်အုပ်ချုပ်ရေးမှူး၏ စီမံညွှန်ကြားမှုနှင့် အုပ်ချုပ်နေခြင်းဖြစ်ပါကြောင်း၊ ထို့ကြောင့် စာရင်းများအားလုံး မှန်မှန်ကန်ကန် ပြည့်ပြည့်စုံစုံ ဖြစ်ရန် ပြည်ထဲရေးဝန်ကြီးဌာနက အားသွန်ခွန်စိုက် ကြိုးစားမည် ဆိုပါက ဖြစ်လာနိုင်သည့်အတွက် အတွက်ကြောင့် ပြည်ထဲရေး ဝန်ကြီးဌာနအနေဖြင့် ဝန်ထမ်းများကို မည်သို့ညွှန်ကြားပြီး တာဝန်ကျေပွန်စေရန် မည်သို့သော စီမံချက်များ ရေးဆွဲဆောင်ရွက်နေသည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။