(ဂ)-တိုင်းရင်းဆေးဖြင့်ကုသမှုအများဆုံးရောဂါများ အတွက် အထူးဆေးဝါးများနှင့် လက်ရှိ ထုတ် လုပ်နေသောဆေးများကိုသောက်သုံးရန်၊ဆေးညွှန်း ရန်လွယ်ကူသောပုံစံများဖြင့်အဆင့်မြှင့်တင်ထုတ်လုပ် သွားရန်အစီအစဉ်ရှိ၊မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း
ယနေ့ ကမ္ဘာ့နေရာအနှံ့အပြားသာမက မြန်မာနိုင်ငံတွင်ပါ ရောဂါအသစ်အဆန်းများ ဖြစ်ပေါ် နေလျက်ရှိသည့်အပြင် မူလရှိပြီးသား ရောဂါများ၏ ဖြစ်ပွားနှုန်းသည်လည်း ပိုမိုမြင့်မားလာပြီး လူများ၏ ပျမ်းမျှသက်တမ်းကိုလည်းပဲ ခြိမ်းခြောက်ခံနေရတာ အားလုံးအသိပဲဖြစ်ပါတယ်။ ဒီလို ရောဂါတွေကို ကုသဖို့ဆိုလို့ရှိရင် ဆေးသိပ္ပံပညာရှင်များနှင့်အတူ နိုင်ငံ၏ မူလဆေးပညာ တစ်ရပ်ဖြစ်သော တိုင်းရင်းဆေး ပညာရှင်များမှာ တာဝန်ရှိနေပါကြောင်း၊ ကုသရေးလုပ်ငန်းစဉ်များ ထိရောက်အောင်မြင်ရန် ရောဂါရှာဖွေရေးစက်ကိရိယာနှင့် ကုထုံးနည်းစနစ်တွေအပြင် သုတေ သနပြုလုပ်ထားသော ဆေးဝါးအသစ်များ မဖြစ်မနေလိုအပ်နေမည်ဖြစ်ပါကြောင်း၊ တိုင်းရင်းဆေး ပညာဦးစီးဌာနအောက်ရှိ တိုင်းရင်းဆေးရုံ၊ ဆေးခန်းများတွင် ယခုအချိန်တွင် ကုသရေးအတွက် ဆေးအမျိုး ၂၀ နှင့် ထုတ်လုပ်ပေးနိုင်သော်လည်း တိုင်းရင်းဆေးတက္ကသိုလ်တို့၊ တိုင်းရင်းဆေး သိပ္ပံတို့၏ သင်ရိုးညွှန်းတမ်းများတွင် ဆေးဝါး ၅၇ မျိုးအထိ သင်ကြားပေးခဲ့ပါကြောင်း၊ ထို့ကြောင့် သင်ရိုးညွှန်းတမ်းပါ ဆေးဝါးများ၊ ဆေးခန်းသုံးဆေးဝါးများကို အသုံးပြုမှုအများဆုံးဖြစ်မည့် ဆေးများကို ထပ်မံတိုးချဲ့ထုတ်လုပ်ပေးရန် အရေးတကြီးလိုအပ်နေပြီ ဖြစ်ပါကြောင်း၊
၂၀၁၆ ခုနှစ် ဧပြီလမှ ဇွန်လ သုံးလတာအတွင်း တိုင်းရင်းဆေးရုံ၊ ဆေးခန်းများတွင် လာရောက်ကုသခံခဲ့သော ရောဂါ ၅၃ မျိုးအနက် ကုသမှုအများဆုံးဖြစ်ခဲ့သည့်ရောဂါ ၁၁ မျိုးကို တူရာအုပ်စုခွဲကြည့် လိုက်ရာတွင် နာကျင်ကိုက်ခဲမှု၊ ကြွက်သားတောင့်တင်းခြင်းကို ဖြစ်စေသည့် ရောဂါများ၊ သွေးတိုးနှင့် ဆက်စပ်လျက်ရှိသည့်ရောဂါများ၊ ဆီးချိုနှင့် ဆက်စပ်လျက်ရှိသည့် ရောဂါများဟူ၍ သုံးမျိုးတွေ့ရပါကြောင်း၊ သို့သော်လည်း တိုင်းရင်းဆေးပညာဦးစီးဌာနတွင် အဆိုပါ ရောဂါများကို တိုက်ရိုက်ကုပေးနိုင်သည့်ဆေးမရှိပါသေးပါကြောင်း၊ ထို့ကြောင့် အကိုက်အခဲ ပျောက်ဆေး၊ ဆီးချိုကျဆေး၊ သွေးတိုးကျဆေး စသည့် ဆေးဝါးများကို အထူးဆေးဝါးများအဖြစ် ထုတ်လုပ်ပေးရန် လိုအပ်နေပါကြောင်း၊
အာရှနိုင်ငံများတွင် ၎င်းတို့၏ တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ ကိုရီးယား စသည့်နိုင်ငံများတွင် ၎င်းတို့၏ တိုင်းရင်းဆေးဝါးများကို သုတေသနပြုလုပ်ပြီး အဆင့်မီထုတ်လုပ်ပေးနေသကဲ့သို့ မိမိတို့ နိုင်ငံတွင် လည်း ထိုသို့ဆောင်ရွက်ပေးနိုင်မည်ဆိုပါက တိုင်းရင်းဆေးပညာဖွံ့ဖြိုးမှုနှင့် ကုသရေး လုပ်ငန်း များကို အကောင်အထည်ဖော်ရန် အထောက်အကူဖြစ်လာမည်ဖြစ်ပြီး ပြည်သူများ၏ ကြားတွင် လည်း ကျယ်ကျယ်ပြန့်ပြန့်သုံးစွဲနိုင်ရန်အတွက် လိုအပ်လျက်ရှိပါကြောင်း၊
လက်ရှိဦးစီးဌာနကထုတ်လုပ်ပေးနေသော ဆေးဝါးများကို လေ့လာကြည့်ရာတွင်လည်း ရက် ၁၀၀ စီမံချက်အရ ထုတ်လုပ်ခဲ့သော စက္ခုပါလဆေးကလွဲရင် ကျန်သည့်ဆေးများသည် အမှုန့်များသာ ဖြစ်နေသည်ကို ဝမ်းနည်းဖွယ်ရာတွေ့ရှိရပါကြောင်း၊ သောက်ဆေးများသည် ဆေးတောင့်၊ ဆေးပြားပုံစံများဖြစ်ပါက ပိုပြီးသင့်လျော်မည်ဖြစ်သကဲ့သို့ လူနာများအနေဖြင့်လည်း သောက်သုံး ခြင်း၊ သယ်ဆောင်သိမ်းဆည်းခြင်းတွင် ပိုမိုလွယ်ကူ လာမည်ဖြစ်ပါကြောင်း၊ ဆရာများ အနေဖြင့် ဆေးညွှန်းရာတွင်လည်း လွယ်ကူခြင်း၊ ဆေးညွှန်းဆိုချက် ပမာဏများပိုမိုပြီးတော့ တိကျလာ မည်ဖြစ်ပြီး နိုင်ငံသူနိုင်ငံသားတွေအတွက် ပိုမိုထိရောကသော ဆွဲဆောင်မှုရှိသည့် ကျန်းမာရေး စောင့်ရှောက်မှု ရရှိလာမှာဖြစ်ပါကြောင်း၊
သို့ပါ၍ တိုင်းရင်းဆေးဖြင့် ကုသမှုအများဆုံးသောရောဂါများအတွက် အထူးဆေးဝါးများနှင့် ဆေးခန်းသုံးဆေးဝါးများကို ထပ်မံတိုးချဲ့ထုတ်လုပ်ပေးရန်နှင့် လက်ရှိထုတ်လုပ်နေသော ဆေးဝါး များကို ဆေးပြား၊ ဆေးတောင့် စသဖြင့် သောက်သုံးရန်လွယ်ကူသော၊ ဆေးညွှန်းရန် လွယ်ကူ သော ပုံစံများဖြင့် အဆင့်မြှင့်တင်ထုတ်လုပ်ပေးရန်အစီအစဉ်ရှိ/မရှိကို သိလိုပါကြောင်း မေးမြန်းပါ သည်။