(ခ)-နိုင်ငံပိုင်သစ်တောမြေများအတွင်းပုဂ္ဂလိကလုပ် ငန်းရှင်များအား နှစ်ရှည်ငှားရမ်း ဆောင်ရွက်ပေးမှု များနှင့်ပတ်သက်၍ဥပဒေနှင့်အညီမည်သို့အရေး ယူဆောင်ရွက်မည်ကိုရှင်းလင်းချပြနိုင်ခြင်းရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း
သစ်တောဦးစီးဌာနအနေဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက်စေရန်အတွက် နိုင်ငံပိုင်သစ်တောမြေများကို ၂၀၀၇-၀၈ ဘဏ္ဍာနှစ်ကစပြီး ခွင့်ပြုချက်နှင့်အညီ ပုဂ္ဂလိကလုပ်ငန်းရှင်များကို လုပ်ပိုင်ခွင့်များချထားပေးထားခြင်းနှင့် ပတ်သက်၍ ရော်ဘာစိုက်ပျိုးရန် ပြည်နယ်နှင့် တိုင်းဒေသကြီး ၁၁ ခုတွင် ၁၆၂၁၀၆.၆၃ ဧက၊ ဆီအုန်းအတွက် တနင်္သာရီတိုင်းဒေသကြီးတွင် ၁၁၆၃၁၅ ဧက၊ စက်မှုကုန်ကြမ်း သီးနှံအတွက် ပြည်နယ်နှင့်တိုင်းဒေသကြီး ရှစ်ခုတွင် ၁၄၈၉၄၉.၉၁ ဧက၊ သစ်မာမျိုးစုံကို တစ်နိုင်ငံလုံးအနှံ့တွင် ၈၆၆၄၅.၂၄ ဧက၊ ကျွန်းစိုက်ပျိုးရန် အတွက်လည်း တစ်နိုင်ငံလုံးအနှံ့တွင် ၁၃၈၀၈၀.၁၅ ဧက၊ သစ်တောမြေစုစုပေါင်း ၆၅၉၉၆.၉၃ ဧက စိုက်ပျိုးထားပြီးဖြစ်ကြောင်း သိရပါကြောင်း၊
မိမိ တင်ပြထားသည့် အပင်အမျိုးအစားအလိုက် နိုင်ငံတော်ကရရှိနိုင်သည့် တစ်နှစ်ဝင်ငွေ အနေဖြင့် တစ်ဧကက ပေးသွင်းရသည့် အခွန်နှုန်းများအနေဖြင့် ကျွန်းနှင့်သစ်မာမျိုးစုံ စိုက်ခင်းအတွက် ၂၀၀ ကျပ်နှုန်း၊ ရော်ဘာအတွက် ပထမခုနှစ်နှစ်တွင် ၅၀၀ ကျပ်နှုန်းနှင့် ကျန်ခွင့်ပြုကာလများအတွက် ၁၀၀၀ နှုန်း၊ စက်မှုကုန်ကြမ်းဖြစ်သည့် ကြံ၊ ပီလောပီနံများအတွက် ၁၀၀၀ ကျပ်နှုန်း သတ်မှတ်ကောက်ခံ သည်ကိုတွေ့ရှိရပါကြောင်း၊ နိုင်ငံပိုင်မြေငှားခြင်းနှင့် ပတ်သက်၍ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာန၏ ၃၁-၈-၂၀၁၂ ရက်စွဲနှင့် ထုတ်ပြန်ခဲ့သည့် မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးနည်းဥပဒေ အခန်း(၄) အပိုဒ် ၃၈ အပိုဒ်ခွဲ(က) အပိုဒ်ခွဲငယ်(၂)အရ အာမခံစပေါ်ငွေအနေဖြင့် မြေတစ်ဧကကို အာမခံစပေါ်ငွေ ၁၀၀၀၀ ကျပ်နှုန်းနှင့် အပိုဒ် ၄၀ အပိုဒ်ခွဲ(က) အပိုဒ်ခွဲငယ်(၁)အရ နှစ်ရှည်ပင်တစ်ဧကကို ကျပ် ၃၀၀၀ နှုန်း၊ စက်မှုကုန်ကြမ်းများအတွက် ကျပ် ၁၀၀၀ နှုန်းနှင့် နှစ်စဉ် အခွန်ပေးသွင်းရန် သတ်မှတ်ထားသောကြောင့် သစ်တောမြေငှားရမ်းမှုအနေဖြင့် အာမခံစပေါ်ငွေမရရှိသလို နှစ်ရှည်ပင်များအတွက် အခွန်ရငွေနှုန်းမှာ ခေတ်ကာလအခြေအနေနှင့် နှုန်းထားအလွန်နည်းနေ သည်ကိုလည်း တွေ့ရှိရပါကြောင်း၊ နိုင်ငံတော်သစ်တောမြေကို ငှားရမ်းခြင်းမပြုဘဲ ကျွန်းနှင့် ပျဉ်းကတိုးသစ်များ စိုက်ပျိုးမည်ဆိုပါက နှစ် ၃၀ တွင် တန် ၃၀ ကျော် ထွက်ရှိလာမည်ဖြစ်သောကြောင့် တစ်နှစ် တစ်တန်နှုန်းဖြင့် ကျွန်းသစ်လုံးတစ်တန်အပေါ်တွင် ၂၀၁၆ ခုနှစ် သစ်အတန်းအစား ခုနှစ်မျိုး၏ ပျမ်းမျှ ပေါက်ဈေးအခြေခံနှင့် တွက်ချက်ကြည့်မည်ဆိုလျှင် သစ်တစ်တန်ကို အမေရိကန်ဒေါ်လာ ၃၂၀၀ ကျော် ရရှိမည်ဖြစ်ပြီး စိုက်ပျိုးထိန်းသိမ်းထုတ်လုပ်သည့် ကုန်ကျစရိတ်အနေဖြင့် အများဆုံးငါးနှစ်ခန့် ကုန်ကျနိုင်ပါကြောင်း၊ ထို့ကြောင့် ကုန်ကျစရိတ်ကို ခန့်မှန်းဝင်ငွေ၏ သုံးပုံတစ်ပုံ သတ်မှတ်မည်ဆိုပါက အသားတင်ဝင်ငွေ တစ်နှစ် အမေရိကန်ဒေါ်လာ ၂၀၀၀ ခန့် ကျန်ရှိနိုင်မည်ဖြစ်သောကြောင့် မြေတစ်ဧကကို မြန်မာငွေ ကျပ် ၂.၅ သန်းခန့် ရရှိနိုင်သောကြောင့် ငှားရမ်းခ ကျပ် ၅၀၀၊ ၁၀၀၀ ခန့် အများကြီးကွာခြားနေသည်ကို တွေ့ရှိရပါကြောင်း၊
မြေယာဥပဒေတွင်ပါသည့် နှုန်းများနှင့် ချိန်ထိုးစိစစ်ကြည့်မည်ဆိုလျှင် တစ်နှစ်တွင် ကျွန်းစိုက်ဧကအတွက် ကျပ်သန်း ၃၈၇ နီးပါး၊ သစ်မာမျိုးစုံအတွက် ကျပ်သန်း ၂၄၀ နီးပါး၊ ရော်ဘာစိုက်ဧကအတွက် ကျပ်သန်း ၃၄၃ သန်းကျော်၊ ဆီအုန်းစိုက်ဧကအတွက် ကျပ်သန်း ၂၄၂ ကျော်ကျော် ရရှိနိုင်သောကြောင့် တစ်နှစ်ကို ကျပ်သန်းပေါင်း ၁၂၀၀ ကျော်လောက်နစ်နာမှုရှိခြင်းကို တွေ့ရှိရပါကြောင်း၊ ထို့ကြောင့် မိမိမေးမြန်းလိုသည်မှာ (၁) စိုက်ပျိုးခွင့်ပြုပြီး မြေဧကနှင့်အညီ သတ်မှတ်ကာလအတွင်း အမှန်တကယ်စိုက်ပျိုးပြီးမှုရှိ/မရှိ၊ မစိုက်ပျိုးနိုင်သည့် မြေများကို ဥပဒေနှင့်အညီ မည်သို့အရေးယူဆောင်ရွက်ထားကြောင်းနှင့် ဆောင်ရွက် ထားမှုအခြေအနေကို ရှင်းလင်းတင်ပြနိုင်ခြင်းရှိ/မရှိ၊ (၂) မူလလျှောက်ထားချက်နှင့်အညီ ခွင့်ပြုထားသည့် သီးနှံအပင်အမျိုးအစားအတိုင်း စိုက်ပျိုးခြင်းရှိ/မရှိ၊ ခွင့်ပြုချက်မဲ့၊ ခွင့်ပြုမထားသည့် လုပ်ငန်းနှင့် အပင်များကို စိုက်ပျိုးခြင်းရှိ/မရှိ၊ စစ်ဆေးဖော်ထုတ်အရေးယူ ဆောင်ရွက်ထားမှုအခြေအနေကို ရှင်းပြနိုင်ခြင်းရှိ/မရှိ၊ ခွင့်ပြုသစ်တောဧရိယာအတွင်း ခွင့်ပြုထားသည့် သီးနှံနှင့်သစ်ပင်များ စိုက်ပျိုးခြင်းမရှိဘဲ မမှန်မကန်ဆောင်ရွက်ထားမှု၊ ဥပဒေမဲ့လွှဲပြောင်းရောင်းချမှုများရှိ/မရှိနှင့် ရှိမည်ဆိုလျှင် အရေးယူ ဆောင်ရွက်ထားရှိမှု အခြေအနေကို ရှင်းလင်းချပြနိုင်ခြင်းရှိ/မရှိ၊ (၄) သစ်တောမြေ ငှားရမ်းခနှုန်းထားများကို ခေတ်ကာလငွေတန်ဖိုးများနှင့်အညီ နိုင်ငံတော်အတွက် နစ်နာမှုမရှိစေရေး လုပ်ငန်းရှင်များအတွက်လည်း မျှတသည့် နှုန်းထားများနှင့်အညီ စိစစ်ပြင်ဆင်ဆောင်ရွက်ရန် အစီအစဉ်ရှိမည်ဆိုပါကလည်း ပြောင်းလဲ ဆောင်ရွက်မည့် ကာလကိုဖြေကြားနိုင်ခြင်းရှိ/မရှိနှင့်၊ (၅) လုပ်ပိုင်ခွင့်ပေးထားပြီး သစ်တောမြေများအတွက် နှစ်စဉ်ငှားရမ်းခများ အပြည့်အဝရရှိခြင်းရှိ/မရှိ၊ ကြွေးကျန်များရှိနေသေးလျှင် ဥပဒေနှင့်အညီ မည်ကဲ့သို့ အရေးယူဆောင်ရွက်မည်ဆိုသည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။