(စ)-ဆိပ်ဖြူမြို့နယ်၊အနောက်ကမ်းဖြူ ကျေးရွာရှိ ကျေး လက်ကျန်းမာရေးဌာန(ခွဲ)မှကျေးလက်ကျန်းမာရေး ဌာနသို့ အဆင့်တိုးမြှင့်ဖွင့်လှစ်ပေးနိုင်ခြင်းရှိ၊မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း

2020-12-15

ဦးအောင်သိုက် (ဆိပ်ဖြူ)ဆိပ်ဖြူမြို့နယ်၊ အနောက်ကမ်းဖြူကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်းသည် ဆိပ်ဖြူမြို့နယ်မှ ကျေးရွာ ၃၂ ရွာနှင့် ပခုက္ကူမြို့နယ်မှ ကျေးရွာ ၈ ရွာ စုစုပေါင်း ၄၀ ရွာမှ ကျောင်းသားကျောင်းသူများ လာရောက်ပညာသင်ကြားနေသော ကျောင်းဖြစ်ပါကြောင်း၊ တက္ကသိုလ်စာမေးပွဲ စာစစ်ဌာနရှိပါသောကြောင့် စာမေးပွဲရက်များတွင် ကျန်းမာရေး မကောင်းသော ကျောင်းသားကျောင်းသူများ ဆေးရုံတက်စာဖြေရန်နှင့် ကျောင်း သားကျောင်းသူ ၈၀၀ ကျော်တို့၏ ကျန်းမာရေးကိုလည်း အနီးကပ်စောင့်ရှောက်ပြုစုရန်လည်း လိုအပ်ပါကြောင်း။

အနောက်ကမ်းဖြူကျေးရွာသည် ဆိပ်ဖြူမြို့နယ်ဆေးရုံနှင့် ၂၇ မိုင်ကွာဝေးပြီး ပခုက္ကူဆေးရုံနှင့် ၃၆ မိုင် ကွာဝေးပါသောကြောင့် အရေးပေါ်လူနာများနှင့် သားဖွား၊ မြွေကိုက်၊ ထိခိုက်ရှနာ၊ မမျှော်လင့်သော Accident များ၊ အခြားကူးစက်ရောဂါများ ဖြစ်ပွားပါက ခရီးကြမ်းနှင့် တောင်ကျ ချောင်းသုံးချောင်းကို ခက်ခက်ခဲခဲ ကျော်ဖြတ်ရပါသဖြင့် လူနာများမှာလည်း မဆုံးရှုံးသင့်ဘဲ နှစ်စဉ် ဆုံးရှုံးနေရပါကြောင်း၊ ရွာ ၁၆ ရွာ၊ အိမ်ထောင်စု ၂၄၆၄၊ လူဦးရေက ၁၂၅၉၀ နှင့် ပခုက္ကူမြို့နယ်အတွင်းရှိ ကျေးရွာများမှာလည်း ပခုက္ကူဆေးရုံနှင့် မိုင် ၃၀ ကွာဝေးသောကြောင့် ဆိပ်ဖြူမြို့နယ်၊ အနောက်ကမ်းဖြူကျေးရွာ ကျေးလက် ကျန်းမာရေးဌာန(ခွဲ)သို့ မှီခိုအားထားပြီး လာရောက်ဆေးကုသမှုများ ပြုလုပ်ကြရပါကြောင်း၊ ကျေးလက်ကျန်းမာရေးဌာန(ခွဲ)မှ ကျေးလက်ကျန်းမာရေးဌာနသို့ တိုးမြှင့်ပေးမည် ဆိုပါက မြေနေရာ ၂.၅၉ ဧက လျာထားပြီးဖြစ်ပါကြောင်း၊ သို့ပါ၍ ဆိပ်ဖြူမြို့နယ်၊ အနောက်ကမ်းဖြူကျေးရွာ ကျေးလက်ကျန်းမာရေးဌာန(ခွဲ)သို့ လာရောက်ကုသမှုများမှာ ဆိပ်ဖြူမှ ၁၆ ရွာ၊ ပခုက္ကူမှ ၈ ရွာစုရှိပါကြောင်း၊ စာစစ်ဌာနရှိသော ရွာဖြစ်သောကြောင့် ကျောင်းသားများ၏ အနီးကပ် ကြီးကြပ်ကုသမှု ပြုခြင်းအားဖြင့် ဆင်းရဲနွမ်းပါးမှုကိုလည်း လျှော့ချနိုင်ပါကြောင်း၊ သို့ဖြစ်ပါ၍ ဆိပ်ဖြူမြို့နယ်၊ အနောက်ကမ်းဖြူကျေးရွာရှိ ကျေးလက်ကျန်းမာရေးဌာန(ခွဲ)အား ကျေးလက်ကျန်းမာရေးဌာနသို့ အဆင့်တိုးမြှင့်ဖွင့်လှစ်ပေးနိုင်ခြင်းရှိ/မရှိ၊ ရှိပါက မည်သည့် အချိန်ကာလတွင် ဖွင့်လှစ်ပေးမည်ကို သိရှိလိုပါ၍ မေးမြန်းပါသည်။