(ဃ)-နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ“မိုပိုင်းလွတ် မြို့” (အမည်မှား) အား မူလ အမည်မှန် အတိုင်း “မိုဝိုင်လွတ်မြို့”ဟုပြင်ဆင်ခေါ်ဝေါ်ပေးရန်အစီအ စဉ် ရှိ၊ မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း
နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လေရှီးမြို့နယ်အတွင်းရှိ ယခုအခေါ် မိုပိုင်းလွတ်မြို့နယ်၏ အမည်သည် မြို့နယ်ခွဲမရမီကာလ မ.ဆ.လ ခေတ်မှ တပ်မတော်အစိုးရ လက်ထက်အထိ မိုဝိုင်လွတ်ဟုသာ သက်ဆိုင်ရာအစိုးရရုံးများမှ တရားဝင်အသုံးပြုခေါ်ဝေါ်ခဲ့သော်လည်း မြို့နယ်အဆင့် တိုးမြှင့်ပေးသည့် ၂၀၁၁ ခုနှစ်၊ ဇန်နဝါရီလ ၁၄ ရက်နေ့မှစတင်ကာ မိုပိုင်းလွတ် မြို့နယ်ခွဲ အမည်ဖြင့် ပြောင်းလိုက်ပြီး ဌာနဆိုင်ရာများ၏ ရုံးဆိုင်းဘုတ်များနှင့် ရုံးတံဆိပ်များတွင် မှားယွင်းစွာ သုံးစွဲ လာသည်မှာ ယခု မြို့အဖြစ် ပြောင်းလဲသတ်မှတ်သည့်တိုင်အောင် အမည်မှားကိုသာ အသုံးပြုနေဆဲ ဖြစ်ပါကြောင်း၊
မည်သည့်တိုင်းရင်းသာမဆို မြို့၊ ရွာများ တည်ရာတွင် ၎င်းတို့၏အယူအဆ၊ ဓလေ့ထုံးတမ်း အစဉ် အလာအရ အဓိပ္ပာယ်နှင့် အမည်နာမများကို အမြတ်တနိုးသတ်မှတ်ခေါ်ဝေါ်ကြပါကြောင်း၊ အလားတူ မိုဝိုင်လွတ်ဟု ခေါ်ဝေါ်သည့် အဓိပ္ပာယ်မှာ ဟူကင်းချင်းတိုင်းရင်းသားဘာသာစကားဖြင့် အရှေ့မှ အနောက်သို့ သွယ်တန်းနေသော တောင်ရိုးကို အစွဲပြုပြီး တောင်ကန့်လန့် သို့မဟုတ် အလျား လိုက်လဲနေသောတောင်ရိုးဟူသော အဓိပ္ပာယ်ဖြင့် စော်ဘွားတစ်ဦးမှ အမည်ပေး ခေါ်ဝေါ်ခဲ့သည့်ဟု သိရှိရပါကြောင်း၊ ၎င်းဒေသခံပြည်သူများမှ မူလအမည်မှန်အတိုင်း ပြောင်းလဲပေးရန် သက်ဆိုင်ရာ အဖွဲ့အစည်းများကို သုံးကြိမ်တိုင်တိုင် တင်ပြကြိုးစားခဲ့ပေးခဲ့သော်ညလ်း အလေးထားဆောင်ရွက် ပေးခြင်း မရှိသည့်အတွက် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ၊ လေရှီးမြို့နယ်အတွင်းရှိ မိုပိုင်းလွတ်မြို့ အမည်မှားအား မူလအမည်မှန်အတိုင်း မိုဝိုင်လွတ်မြို့ဟု ပြင်ဆင်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါ ကြောင်းမေးမြန်းပါသည်။