(င)-သင်္ချီကိုင်းကျေးရွာအေုပ်စု၊ နေပူတောင်ဒေသ၊ ကွင်းအမှတ်၅၂၊ မြေနေရာကို မာဘယ်(လ်) အလှ ဆင်ကျောက် (အကြီးစား) တူးဖော်ထုတ်လုပ်ခြင်း စီမံကိန်းစာချုပ်ပါသဘောတူညီချက်များအားပြည်သူ များသိရှိစေရန်ချပြနိုင်ခြင်းရှိ/မရှိနှင့်စပ်လျဉ်းသည့်မေး ခွန်း

2020-12-16

မေးခွန်း အကြောင်းအရာ 

daw ni ni may myintနေပူတောင်သည် တောင်ကုတ်မြို့မှ ပြည်-တောင်ကုတ်လမ်း ၂၉ မိုင် ၄ ဖာလုံဝေးသည့်နေရာတွင် တည်ရှိပါကြောင်း၊ နေပူတောင်က မာဘယ်(လ်) ကျောက် ထုတ်လုပ်မှု စီမံကိန်း ကို ၁၆-၃-၂၀၁၂ ရက်နေ့တွင် သတ္တုတွင်းဝန်ကြီးဌာနနှင့် ဗီယက်နမ်နိုင်ငံ၊ Simco Song Da Joint-Stoke Co.Ltd တို့မှ နှစ်ပေါင်း ၂၀ စာချုပ်ချုပ်ဆိုခဲ့သည်ဟု သိရှိ ရပါကြောင်း၊ သို့သော်  ဒေသခံပြည်သူများက မိမိတို့ ဒေသမှ ထွက်ရှိသည့် အဖိုးတန် နေပူတောင်ကို မာဘယ်(လ်) ကျောက်ထုတ်လုပ်ရန်အတွက် ဗီယက်နမ် ကုမ္ပဏီတစ်ခုက ငှားရမ်း ရာတွင် ပွင့်လင်းမြင်သာမှုမရှိခြင်းကြောင့် ဒေသခံပြည်သူ ၅၅၀၀ က ၂၀၁၃ ခုနှစ်မှာ ကန့်ကွက်ဆန္ဒပြခဲ့ကြပါကြောင်း။

၁၉၆၂ ခုနှစ်နောက်ပိုင်းတွင် နေပူတောင်ကို မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီနှင့် ဂျပန်နိုင်ငံဝန်ကြီးချုပ် တာရာကာလက်ထက်တွင် ကျောက်၏ လေးပုံပုံတစ်ပုံကို ဒေါ်လာသန်း ၉၀၀၀ ဖြင့် ရောင်းချရန် စာချုပ်ချုပ်ဆိုခဲ့ပြီး နောက်ပိုင်းတွင် ပျယ်ပြယ်သွားခဲ့ဖူးပါကြောင်း၊ထိုခေတ်ကပင် မာဘယ်(လ်) ကျောက်၏ တန်ဖိုးသည် ၁ ကုဗမီတာကို မြန်မာငွေ ၁၂၉၀ ကျပ်၊၄၀ ပြား နှုန်းဖြင်‌့ တွက်ချက်ပါက ကျောက်ပုံ၏ လေးပုံတစ်ပုံတန်ဖိုးသည် ဒေါ်လာသန်း ၉၀၀၀ ရှိသည့်အတွက်  ယနေ့ခေတ်ဆိုပါက ပိုမိုတန်ဖိုးရှိမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် တောင်ကုတ်မြို့နယ်၊ သင်္ချီကိုင်းကျေးရွာအုပ်စု၊ နေပူတောင်ဒေသ၊ကွင်းအမှတ် ၅၂၊ ကြေးတိုင်ပြင်ကွင်းတောရိုင်းမြေ(၅၈၅.၇၂) ဧကရှိ မြေနေရာကို မာဘယ်(လ်) အလှ ဆင်ကျောက်(အကြီးစား) တူးဖော်ထုတ်လုပ်ခြင်းစီမံကိန်းအတွက် သတ္တုတွင်းဝန်ကြီးဌာနနှင့် ဗီယက်နမ်နိုင်ငံ Simco Song Da Joint-Stoke Co. Ltd တို့မှ စာချုပ်ချုပ် ဆိုခဲ့ကြသော စာချုပ်ပါ သဘောတူညီချက်များအား အများပြည်သူသိရှိစေရန် ပွင့်လင်း မြင်သာစွာ ချပြနိုင်ခြင်းရှိ/မရှိကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။