(က)-ထလားလော်၊ရမန်ချီကျေးရွာအုပ်စုတို့တွင်ကျေး လက်ကျန်းမာရေးဌာနများ ဖွင့်လှစ်ပေးရန်၊ ပြည် သူ့ဆေးရုံနှင့်ဝန်ထမ်းနေအိမ်များအား ပြန်လည် တည်ဆောက်ပေးရန်နှင့်အရည်အချင်းရှိကျန်းမာရေး ဝန်ထမ်းများ ဖွဲ့စည်းပုံပြည့် စေလွှတ်ပေးရန်တို့နှင့် စပ်လျဉ်းသည့် မေးခွန်း

2020-12-15

ခေါင်လန်ဖူးမြို့နယ်သည် ပြည်နယ်၏‌ရေမျက်နှာပြင်အထက် အမြင့်ပေ ၄၆၈၀ ပေတွင်တည်ရှိပြီး ခရိုင်ရုံးစိုက်ရာ ပူတာအိုမြို့နှင့် မိုင်ပေါင်း ၁၃၀ ကျော်ကွာဝေးပြီး မြန်မာနိုင်ငံမြောက်ဘက်အကျဆုံး တောင်ပေါ်မြို့ဖြစ်ပါကြောင်း၊ ခေါင်လန်ဖူးမြို့ ကို ရပ်ကွက်လေးခု၊ ကျေးရွာအုပ်စု ၂၃ အုပ်စု၊ ကျေးရွာပေါင်း ၁၄၂ ရွာ ဖြင့်ဖွဲ့စည်းတည်ထောင်ထားပြီး လူဦးရေ ၁၅၀၀၀ ကျော် နေထိုင်ပါကြောင်း၊ ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး၊ လူမှုရေး အစစအရာရာ ဖွံ့ဖြိုးတိုးတက်မှု နောက်အကျဆုံးမြို့လည်းဖြစ်ပါကြောင်း၊ ခေါင်လန်ဖူးမြို့တွင် ကျန်းမာရေးဌာနအနေဖြင့် မြို့ပေါ်တွင် ဆေးရုံတစ်ရုံ၊ ဇံယောကျေးရွာနှင့် ခေါ်ဘူဒဲကျေးရွာတွင် ကျေးလက်ကျန်းမာရေးဌာနနှင့် ရိဒန်း၊ ဒိလာဝါဇီ၊ ဖန်တုံ၊ ရှီလာဝါဒီ၊ ထဖုန်းကျေးရွာတွင် ကျေးလက်ကျန်းမာရေးဌာနခွဲ ဖွင့်လှစ်ထားသော်လည်း ဝန်ထမ်းများ မလုံလောက်ခြင်း၊ ဝန်ထမ်းနေအိမ်မရှိခြင်းတို့ကို တွေ့ရှိရပါကြောင်း၊ ရှိသည့် အဆောက်အအုံများမှာလည်း ရာသီဥတုကြောင့် မိုးများပြီး ဆွေးမြေ့ပျက်စီးနေပါကြောင်း၊

ကျန်းမာရေးဝန်ထမ်း နှင့် ဆေးဝါးမလုံလောက်မှုကြောင့် လူနာများမှ တောတောင်ကို ခက်ခက်ခဲခဲကျော်ဖြတ်ပြီး ၎င်းတို့နှင့်နီးစပ်သော တရုတ်ပြည်တွင် ဆေးဝါးကုသမှုခံယူနေကြရပါကြောင်း၊ ဆေးဝါးကုသမှုခံယူနေသည့်အချိန်တွင် တခြားနိုင်ငံဖြစ်သည့်အတွက် ခွဲခြားဆက်ဆံခံရခြင်း၊ ငွေကုန်ကြေးကျများခြင်း၊ ဘာသာစကားအခက်အခဲရှိခြင်းစသည့်ဒုက္ခများ တွေ့ကြုံခံစားရပါကြောင်း၊ ပူတာအိုမြို့တွင် ဆေးဝါးကုသမှုခံယူရာတွင်လည်း လမ်းပန်းဆက်သွယ်ရေးအခက်အခဲကြောင့် လမ်းတွင် ဒုက္ခများ ခံစားရပါကြောင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ချမှတ်ဆောင်ရွက်နေသည့် မူဝါဒရည်မှန်းချက်များသည် အလွန်ပင်ကောင်းမွန်သော်လည်း တောင်ပေါ်မြို့များသည် ကျန်းမာရေးစောင့်ရှောက်မှုများ ရသင့်သလောက် အားနည်းနေသည်ကို တွေ့ရှိရပါကြောင်း၊ အချို့မြို့ကြီးများတွင် ဆေးရုံ၊ ဆေးခန်း အစုံအလင်ရှိသော်လည်း  ခေါင်လန်ဖူးမြို့နယ်ရှိ ဒေသခံပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများအတွက် ကျန်းမာရေးစောင့်ရှောက်မှုသည် အနိမ့်ဆုံးအဆင့်တွင် ရှိပါကြောင်း၊ တောင်ပေါ်ဒေသနှင့်ကိုက်ညီသော ကျန်းမာရေးဝန်ထမ်းနှင့် ဆေးဝါးပစ္စည်းများ ပြည်စုံစွာရှိရန် အလွန်အရေးကြီးပါကြောင်း၊ ထို့ကြောင့် ဒေသခံပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ အချိန်တိုအတွင်း ကုန်ကျစရိတ်သက်သာစွာ ဆေးဝါးကုသမှုခံယူနိုင်ရန် ဆောင်ရွက်ပေးရန် စီစဉ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးမြန်းပါသည်။