(ခ)-မိုင်းပျဉ်းမြို့နယ်၏ ကျေးလက်ကျန်းမာရေးဌာ န၊ ကျေးလက်ကျန်းမာရေးဌာနခွဲနှင့် ကျန်းမာရေး ဝန်ထမ်းများအား ဌာန၏ ဘဏ္ဍာရေးနှစ်အလိုက် အမြန်ဆုံးတိုးချဲ့ ဆောင်ရွက်ပေးရန် အစီအစဉ်ကို သိရှိလိုခြင်း နှင့်စပ်လျဉ်းသည့် မေးခွန်း

2020-12-15

မိုင်းပျဉ်းမြို့နယ်သည် ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံခရိုင်တွင် တည်ရှိပြီး ဧရိယာအကျယ်အဝန်း ၂၃၃၁ စတုရန်းမိုင်ရှိပါကြောင်း၊ ၂၀၁၆ ခုနှစ် လူဦးရေစာရင်းအရ စုစုပေါင်း ၆၉၁၂၅ ဦးရှိပြီး လမ်းပန်းဆက်သွယ်ရေး တောင်ကုန်းတောင်တန်းများ ထူထပ်ပေါများပြီး မြေနိမ့်လွင်ပြင်ရှားပါး ဝေးလံခက်ခဲကာ ကျေးရွာအုပ်စု တစ်ခုနှင့်တစ်ခု သွားလာရာတွင်လည်း ခက်ခဲလှပါကြောင်း၊ မိုင်းပျဉ်းမြို့နယ်အတွင်းရှိ ကျန်းမာရေးကဏ္ဍအတွက် လေ့လာချက်အရ ကျေးလက်ကျန်းမာရေးဌာန ၃ ခု၊ ကျေးလက်ကျန်းမာရေးဌာနခွဲ ၉ ခုရှိရာ ကျေးရွာအုပ်စုပေါင်း ၃၃ အုပ်စု၏ ကျန်းမာရေးကဏ္ဍ မြှင့်တင်ပေးမှုမှာ အလွန်အားနည်းလျက်ရှိပါကြောင်း၊တစ်မြို့နယ်လုံးရှိ အခြေခံဘက်စုံ သားဖွားဆရာမ ၆ ဦးသာရှိပြီး ကျန်းမာရေးမှူး၊ လက်ထောက်ကျန်းမာရေးမှူးများမှာလည်း တစ်ဦးမျှမရှိဘဲ လစ်လပ်လျက်ရှိပါကြောင်း၊ ကျေးလက်ကျန်းမာရေးဌာနနှင့် ဌာနခွဲများမှာ ဖွဲ့စည်းပုံအရ အလွန်နည်းပါးနေသောကြောင့် လူထုကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ တိုးချဲ့ကာကွယ်ဆေးလုပ်ငန်းများ၊ ကျန်းမာရေးပညာပေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် လုပ်ငန်းအောင်မြင်ထိရောက်မှုမှာ လွန်စွာအားနည်းနေသေးပါကြောင်း၊ဝန်ထမ်းဖွဲ့စည်းပုံ နည်းပါးခြင်းကြောင့် လက်လှမ်းမမှီသည့် ကျေးရွာပေါင်း ၁၀၀ ရွာခန့်သည် ကျန်းမာရေးလုပ်ငန်းများ လွှမ်းခြုံမှုမပေးနိုင်ဘဲ ဖြစ်နေပါကြောင်း၊

ထို့ကြောင့် မိုင်းပျဉ်းမြို့နယ် လူထုကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ လွှမ်းခြုံမှုကောင်းလာစေရန် တိုးချဲ့လုပ်ငန်းများဆောင်ရွက်ရာတွင် ပိုမိုကောင်းမွန်လာစေရန် ကျန်းမာရေးပညာပေးလုပ်ငန်းများ၊ ရောဂါကာကွယ်ရေးလုပ်ငန်းများ၊ မိခင်နှင့်ကလေးစောင့်ရှောက်မှုလုပ်ငန်းများ၊ ရောဂါဖြစ်ပွားလာပါက အချိန်နှင့်တစ်ပြေးညီ ကုသခြင်း၊ သတင်းပို့ခြင်းလုပ်ငန်းများ ပိုမိုလွယ်ကူဆောင်ရွက်နိုင်ရန်ရည်ရွယ်ပြီး ဖွဲ့စည်းပုံပြင်ဆင်တိုးချဲ့ဆောင်ရွက်ပေးပါရန်နှင့် ကျေးလက်ကျန်းမားရေးဌာန၊ ကျေးလက်ကျန်းမာရေးဌာနခွဲနှင့် ကျန်းမာရေးဝန်ထမ်းများအား ဌာန၏ဘဏ္ဍာရေးနှစ်အလိုက် အမြန်ဆုံးတိုးချဲ့ဆောင်ရွက်ပေးနိုင်ရန် အစီအစဉ်ရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။