(ဂ)-သင်္ဃန်းကျွန်း မြို့နယ်အားကစားကွင်းတစ် ခု ဖော်ဆောင်ပေးရန်အစီအစဉ်ရှိ၊ မရှိနှင့်စပ်လျဉ်း သည့်မေးခွန်း

2020-12-15

တစ်ချိန်က မြန်မာ့ဘောလုံးအားကစားနှင့် ပြေးခုန်ပစ်အားကစားတို့အား အာရှအဆင့်တွင် ရွှေတံဆိပ်ဆု များစွာရရှိခဲ့ပြီး အောင်မြင်မှုသရဖူဆောင်းခဲ့ပါကြောင်း၊ ယခုအခါတွင် ဘောလုံးအားကစားနှင့်  ပြေးခုန်ပစ်အားကစား နှစ်ခုလုံး ကျဆင်းနေသည်ကို တွေ့မြင်ရပါကြောင်း၊ မကြာသေးမီက ပြီးသွားသော ဘောလုံးပွဲကို သုံးသပ်ရမည်ဆိုပါက မြန်မာအသင်းသည် ထိုင်းအသင်းကို အဖက်ဖက်က မယှဉ်နိုင်ခဲ့ပါကြောင်း၊ ယခင်က မြန်မာအသင်းသည် ထိုင်းအသင်းကို ငယ်နိုင်ဖြစ်ခဲ့ပါကြောင်း၊ ၁၉၅၇ ခုနှစ်မှ ၁၉၈၃ ခုနှစ်ထိ ၂၆ နှစ်တာကာလအတွင်း ထိုင်းနှင့် မြန်မာ တွေ့ဆုံသည့်ပွဲစဉ်အားလုံး၌ မြန်မာက ခြေအသာဂိုးအပြတ်ဖြင့် အမြဲတမ်းနိုင်ခဲ့ပါကြောင်း၊ ထိုအချိန်များက မြန်မာ၏ ပြိုင်ဘက်သည် ထိုင်းမဟုတ်ပါဘဲ ယခုအာရှတွင် ထိပ်သီးဖြစ်နေသော တောင်ကိုရီးယား၊ အီရန်တို့ဖြစ်နေပါကြောင်း၊ ယင်းအချက်ကို ကြည့်ခြင်းအားဖြင့် မိမိတို့၏ ဘောလုံးအားကစားသည် ကျဆင်းနေသည်မှာ ထင်ရှားပါကြောင်း၊ ဘောလုံးအားကစား ကျဆင်းရခြင်း အကြောင်းအရင်းများထဲမှ အဓိကအချက်တစ်ချက်မှာ မိမိတို့ သိရသလောက် အားကစားကွင်း၊ ဘောလုံးကွင်း လုံလုံလောက်လောက် မရှိ၍ဖြစ်သည်ဟု သုံးသပ်မိပါကြောင်း၊

ယခင်ကရော ဘောလုံးကွင်းများ လုံလုံလောက်လောက် ရှိခဲ့လားဟု မေးလာပါက မိမိမဲဆန္ဒနယ်ကို အခြေခံ၍ ပြောရမည်ဆိုလျှင် ယခင်က  ဘောလုံးကွင်း လုံလုံလောက်လောက် ရှိခဲ့ပါကြောင်း၊ သင်္ဃန်းကျွန်းမြို့နယ်တွင် ယခင်က  ရပ်ကွက်တိုင်းနီးပါး ဘောလုံးကွင်းရှိခဲ့သော်လည်း ယခုအချိန်တွင် ဘောလုံးကွင်းများသည် ပုံစံအမျိုးမျိုးနှင့် ပျောက်ကွယ်သွားပါကြောင်း၊ ဥပမာအားဖြင့် မြို့နယ် အားကစားကွင်းအဖြစ် အသုံးပြုခဲ့သော ကျိုက္ကဆံ ဘုရားအနီးက ဘောလုံးကွင်းကြီးသည် ယခုအချိန်တွင် သင်္ဃန်းကျွန်းစံပြဆေးရုံကြီး ဖြစ်နေပါကြောင်း၊ လက်ရွေးစင်များပါ ဖိတ်ခေါ်ပြိုင်ပွဲ မကြာခဏကျင်းပလေ့ရှိသော ဘဝမြင့်ဘောလုံးကွင်းကြီးသည် ယခုအချိန်တွင် မလိခအိမ်ရာအဖြစ် အဆောက်အဦများ ဖြစ်နေပါကြောင်း၊ ရန်ကုန်တိုင်းလက်ရွေးစင်များ၊ မြန်မာ့လက်ရွေးစင်များ၊ မွေးထုတ်ပေးခဲ့သည့် ၁၆/၃ ဘောလုံးကွင်းတွင်လည်း ယခု မြေငှားဂရန်ချထားသူများက တရားဝင်ဆောက်ထားပါကြောင်း၊ ဘောလုံးကွင်းပြန်လည်ရရှိရန် ကြိုးပမ်းသည့် ရပ်ကွက်သားတချို့တရားစွဲခံရပြီး တရားခံအဖြစ် ရင်ဆိုင်နေရပါကြောင်း၊ ငမိုးရိပ်ရပ်ကွက်ဘောလုံးကွင်းသည်လည်း ယခုအချိန်တွင် အ.ထ.က ကျောင်းခွဲအဖြစ် ရောက်ရှိနေပါကြောင်း၊ အလားတူပင် အခြားသောဘောလုံးကွင်းများ၊ ကလေးကစားကွင်းများမှာလည်း ပျောက်ကွယ်နေကြပြီဖြစ်ပါကြောင်း၊အခြားသောမြို့နယ်များတွင်လည်း အားကစားကွင်းများသည် ပုံစံအမျိုးမျိုးဖြင့် ပျောက်ကွယ်သွားပြီ ဖြစ်ပါကြောင်း၊ ထို့ကြောင့် အားကစားလောက တိုးတက်ရန်အတွက် ဘောလုံးကွင်းများ၊ အားကစားကွင်းများကို ပြန်လည်ဖော်ထုတ်ရန် လိုအပ်ပါကြောင်း၊မိမိတို့မြို့နယ်တွင် သုဝဏ္ဏဘောလုံးကွင်းကြီးရှိပြီး မြက်ခင်းအတုဘောလုံးကွင်းများ၊ လေ့ကျင့်ရေးကွင်းများ ရှိသော်လည်း မိမိတို့မြို့နယ်က ပါဝင်ကစား၍ မရပါကြောင်း၊ ထို့ကြောင့် အားကစားကွင်းများ တည်ဆောက်ရန်အတွက် မိမိတို့မြို့နယ်က ရပ်ကွက်တချို့ဖျက်ပေးခဲ့ရပါကြောင်း၊ ပြည်သူများ၏ အိုးအိမ်များ၊ဘုန်းကြီးကျောင်းများ ပြောင်းရွှေ့ပေးခဲ့ရသော်လည်း သင်္ဃန်းကျွန်းအတွက် ဘောလုံးကွင်း တစ်ကွင်းတောင် မရခဲ့ပါကြောင်း၊ မိမိတို့အနေဖြင့် နယ်နိမိတ်ချင်းထိစပ်နေသော မြို့နယ်များတွင် ဘောလုံးကွင်းများ အသီးသီးရှိသော်လည်း မိမိတို့ မြို့နယ်တွင် လက်ညှိုးထိုးပြစရာ မြို့နယ်အားကစားကွင်းမရှိသည့်အတွက် သင်္ဃန်းကျွန်းမြို့နယ်တွင် မြိုနယ်အားကစားကွင်းတစ်ခု ဖော်ဆောင်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။