(င)-တန့်ယန်းမြို့နယ်၊မိုင်းမားကျေးလက်ကျန်းမာရေး ဌာနခွဲနှင့်နမ့်မူဆယ်ကျန်းမာရေးဌာနခွဲကိုကျေးလက် ကျန်းမာရေးဌာနသို့အဆင့်တိုးမြှင့်ပေးရန်နှင့်စပ်လျဉ်း သည့် မေးခွန်း

2020-12-15

ဦးစိုင်းမောင်ပွင့်( တန့်ယန်း မဲဆန္ဒနယ်)ရှမ်းပြည်နယ်၊လားရှိုးခရိုင်၊ တန့်ယန်းမြို့နယ်သည် ကျေးရွာအုပ်စု ၄၉ အုပ်စု၊ ကျေးရွာပေါင်း ၆၀၁ ရွာရှိပြီး လူဦးရေအားဖြင့် ၁၇၆၃၆ ဦးနေထိုင်လျက်ရှိပါကြောင်း၊ မြို့နယ်အတွင်း မြို့နယ်ဆေးရုံတစ်ရုံ၊ တိုက်နယ်ဆေးရုံ သုံးခု၊ ကျေးလက်ကျန်းမာရေးဌာန လေးခုနှင့် ကျေးလက်ကျန်းမာရေးဌာနခွဲ ၁၆ ခု ရှိပါကြောင်း၊ မြို့နယ်အတွင်း ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ၊ ကာကွယ်ဆေးထိုး လုပ်ငန်းများ ဆောင်ရွက်ရာတွင် ကျေးလက်ကျန်းမာရေး ဌာနတစ်ခုလျှင် ကျေးရွာပေါင်း ၃၀ခန့်ကို တာဝန်ယူ ရပါကြောင်း၊ တန့်ယန်းမြို့နယ်အတွက် ကျေးလက်ကျန်းမာရေးဌာနခွဲ ဌာနနှစ်ခုနှင့် ကျေးလက် ကျန်းမာရေး ဌာနခွဲ ၁၀ ခုတိုးမြှင့်ဖွင့်လှစ်ပေးရန် တန့်ယန်းမြို့နယ်ကျန်းမာရေး ဦးစီးမှူးမှ တစ်ဆင့် ၁၈-၆-၂၀၁၆ ရက်စွဲပါစာအမှတ်၊ T2/၂၁၃၂၀၁၆ ဖြင်‌့ ပြည်နယ်ကျန်းမာရေးဦးစီး ဌာနမှ တစ်ဆင့်လို အပ်သော အချက်အလက်များ ပြုစုတင်ပြထားပြီးဖြစ်ပါကြောင်း၊

မိမိသိလိုသည်မှာ (က) တန့်ယန်းမြို့နယ်ရှိ မိုင်းမားကျေးရွာ ကျေးလက်ကျန်းမာရေးဌာနခွဲနှင့် နမ့်မူဆယ် ကျေးလက်ကျန်းမာရေးဌာနခွဲကို ကျေးလက်ကျန်းမာရေးဌာန သို့ အဆင့်တိုးမြှင့်ပေးရန် အစီအစဉ်ရှိ/မရှိ ၊ ပန်ယ၊ နမ်‌့ပေါင်၊ ပန်ညှောင်၊ လွယ်ကြန့်၊ လွယ်ဆမ်ငမ်၊ နမ့်ဟူး၊ နားငင်၊ ဝမ်ခုံ၊ မန်နောင်ခမ်း၊ နောင်ခမ်း (၁၀) ရွာအား ကျေးလက်ကျန်းမာရေးဌာနခွဲ ဖွင့်လှစ်ပေးရန် အစီအစဉ်ရှိ/ မရှိနှင့် အစီအစဉ်မရှိပါက မည်သည့်ခုနှစ်တွင် ဖွင့်လှစ်ပေးနိုင်မည်ကို သိလိုပါကြောင်း မေးမြန်းပါသည်။