(စ)-ကျွန်းစုမြို့နယ် ပြည်သူ့ဆေးရုံတွင်သွားဘက် ဆိုင်ရာဆရာဝန်ချထားပေးရန်နှင့်ကျေးရွာများတွင် လိုအပ်နေသည့်ကျန်းမာရေးမှူးနှင့်သားဖွားဆရာမ များချထားပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်း

2020-12-15

ဒေါ်တင်တင်ရီ(ကျွန်းစု မဲဆန္ဒနယ်)မေးခွန်း(၁)အနေဖြင့် မိမိမေးမြန်းခဲ့သော အချိန်နှစ်နှစ်ကြာလစ်လပ်နေသည့် သွားဆရာဝန်သည် ကျွန်းစုမြို့နယ် ဆေးရုံသို့ ၂၀၁၆ ခုနှစ် အောက်တိုဘာလတွင် အစားထိုးရောက်ရှိလာပြီးဖြစ်၍ ၎င်းမေးခွန်း ကို ပြန်လည် ရုပ်သိမ်းခွင့်ပြုပါရန် ပန်ကြားအပ်ပါကြောင်း၊

မေးခွန်း(၂)အနေဖြင့် ကျွန်းစုမြို့နယ် ၂၅ ခုတင်ဆံ့ဆေးရုံနှင့် စပ်လျဉ်း၍ ၅၀ ခုတင်ဆံ့တိုက်နယ်ဆေးရုံ အဖြစ် တိုးမြှင့် ပေးနိုင်ပါရန် သဘောထားမှတ်ချက်တောင်းခံထားပြီး TNO မှလည်း ဆေး ရုံဆောက်လုပ်ရန် အတွက် မြေတိုင်းထွာပေးပါရန် တင်ပြခဲ့ပြီးဖြစ်ပါ၍ မည်သည့်အချိန်တွင် ၎င်းဆေးရုံ၏အင်္ဂါရပ်နှင့်  ညီညွတ်သည့် အဆောက်အဦနှင့် ဝန်ထမ်းများကို ခန့်ထားပေးနိုင်ခြင်း ရှိ/မရှိနှင့် စပ်လျဉ်း၍ လည်းကောင်း၊

မေးခွန်း(၃)အနေဖြင့် ကျွန်းစုမြို့သည် ကျေးရွာပေါင်း ၁၈၇ ရွာနှင့် လူဦးရေ ၁၇၄၀၃၇ ဦးနေထိုင်လျက် ကျွန်းပေါင်း ၁၁၂ ကျွန်းပေါ်တွင် ရှိခြင်း၊ ရွာများအနက်မှ တိုက်နယ်ဆေး ရုံလေးရုံ ၊ ဆောက်လုပ်ဆဲတစ်ရုံနှင့် ဆောက်လုပ်ရန် ဆေးရုံတစ်ရုံအပြင် ကျန်းမာရေးဌာနလေးခုနှင့် ကျန်းမာရေး ဌာနခွဲ ၄၀ ခုရှိပြီး ဌာနခွဲတစ်ခုလျှင် အနည်းဆုံးကျေးရွာ ငါးရွာမှခြောက်ရွာ အထိ ရေလမ်းခရီးဖြင့်သာ သွားလာရသည့် အပြင် သားဖွားဆရာမခန့်ထားနိုင်သည့်အင်အား ၄၅ ဦးအနက် ၂၉ ဦးသာ ခန့်ထားနိုင်ခဲ့သည့် အတွက် ကျန်ရှိသည့်ကျေးရွာများတွင် လိုအပ်နေသည့် ကျန်းမာရေးမှူးနှင့် သားဖွားဆရာမများကို လုံလောက်စွာ ခန့်ထားပေးနိုင်ခြင်းရှိ/မရှိကို လည်းကောင်း၊

မေးခွန်း(၄)အနေဖြင့် ပထမလွှတ်တော်အစည်းအဝေးတွင် မိမိမှတင်ပြတောင်းခံထားပြီး အလှူရှင် များက မြေ ၅ ဧက ခန့်လှူဒါန်းခဲ့သော ရေကန်တောင် တိုက်နယ်ဆေးရုံကိုဆောက်လုပ်ရန် ကျန်းမာရေးဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာန၏ ၁၂-၅-၂၀၁၅ ရက်စွဲပါစာအမှတ် ကမဘ/ဃ/၁၄၀၇/၁၆၁ အရ အမှတ်စဉ် ၁၀ ပါ ၁၆ ခုတင်ဆံ့တိုက်နယ်ဆေးရုံသည် ၂၀၁၅-၂၀၁၆ ခုနှစ်တွင် ဘတ်ဂျက်ချ ထားပြီးဖြစ်သော် လည်း ပြန်လည် ဖျက်သိမ်းရန်တောင်းခံလာသည့် ကတိ ကဝတ်စာရင်းတွင် ပါဝင်ခြင်းမရှိဘဲ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုကျန်းမာရေးဝန်ကြီး အား မြိတ်မြို့နယ် ပြည်သူလူထုတွေ့ဆုံပွဲတွင် ၎င်းဆေးရုံဆောက်လုပ်ရေး ကိစ္စကို မေးမြန်းရာ ဆောက်လုပ်ရန်အစီအစဉ်မရှိကြောင်း၊ တင်ဒါအောင်သည့်ကုမ္ပဏီနှင့် ဘတ်ဂျက်လည်းမရှိပါဟု ဖြေဆိုခဲ့သည်ကို ကြားသိရပါကြောင်း၊ ထို့ကြောင့် ကျန်းမာရေး ဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာန၏ အမှတ်စဉ် (၁၀)ပါ ရေကန်တောင် ၁၆ ခုတင်ဆံ့တိုက်နယ်ဆေးရုံအား မည်သည့်အချိန်တွင် ဆောက်လုပ်မည်ကိုလည်းကောင်း သိရှိလိုပါကြောင်း  မေးမြန်းပါသည်။