(ဃ)-လွိုင်လင်မြို့ခုတင်(၂၀၀)ဆံ့အထွေထွေရောဂါ ကုဆေးရုံကြီးတွင်မျက်စိအထူးကုဆရာဝန်ကြီးများ၊ နား၊နှာခါင်း၊လည်ချောင်းအထူးကုဆရာဝန်ကြီး များနှင့်ဓာတ်မှန်အထူးကု ဆရာဝန်ကြီးများအား အလျင်အမြန် ခန့်အပ်တာဝန်ပေးရန်နှင့်စပ်လျဉ်း သည့်မေးခွန်း

2020-12-15

(၁)လွိုင်လင်မြို့ ခုတင်(၂၀၀) ဆံ့ အထွေထွေရောဂါကုဆေးရုံကြီးတွင် မျက်စိအတူးကုဆရာဝန်ကြီးများ၊ နား၊ နှာခေါင်း၊ လည်ချောင်းအထူးကုဆရာဝန်ကြီးများနှင့် ဓာတ်မှန်အထူးကုဆရာဝန်ကြီးများအား အလျင်အမြန် ခန့်အပ်တာဝန်ပေးရန်၊ (၂) အောက်စီဂျင်ပေးစက်များ၊ (Air Sets) ရောဂါရှာဖွေရေး ပုံရိပ်ဖော်စက်(CT Screen) နှင့်ဆေးရုံသုံးပစ္စည်းများ ဖြည့်ဆည်းပေးရန်၊(၃) ဟိန်ဒုံ၊ လွယ်ကန်း၊ ပန်းလင်းကျေးရွာတို့တွင် ကျေးလက်ကျန်းမားရေးဌာနခွဲဆောက်လုပ်ပေးရန်၊(၄) ထီးအုံးနောင်၊ နမ့်ခုတ်၊ ဟှေ့ဝမ်းရွာတို့တွင် ကျေးလက်ကျန်းမာရေးဌာနခွဲ(၁)ခုတို့ကို တိုးချဲ့ဖွင့်လှစ်ခွင့်ပြုပေးရန်၊(၅) ပန်ဟူး ကျေးလက်ကျန်းမာရေးဌာနခွဲအတွက် ကျေးလက်ကျန်းမာရေး ဝန်ထမ်းများ မည်သည့်အချိန်တွင် ခန့်အပ်တာဝန်ပေးမည်ကို သိလိုခြင်းတို့နှင့်စပ်လျဉ်းသည့်မေးခွန်း

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်မြို့ ခုတင်(၂၀၀)ဆံ့ အထွေထွေရောဂါကုဆေးရုံကြီးသည် လွိုင်လင်ခရိုင်အတွင်းရှိ လွိုင်လင်၊ ပင်လုံ၊ လဲချား၊ မိုင်းကိုင်၊ ကျေးသီး၊ မိုင်းရှုး၊ ကွန်ဟိန်း၊ နမ့်စန် မြို့နယ်များနှင့် လင်းခေးခရိုင်အတွင်းရှိ မိုးနဲ၊ လင်းခေး၊ မောက်မယ်၊ မိုင်းပန်မြို့နယ်တို့မှ ရောဂါဝေဒနာများ ခံစားနေရသည့် မိဘပြည်သူများအား ကျန်းမာရေးစောင်‌့ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ အထွေထွေရောဂါကုဆေးရုံကြီးတွင် အောက်စီဂျင်ပေးစက်များ ၊ ရောဂါရှာဖွေရေး ပုံရိပ်ဖော်စက်(CT Screen)များ လိုအပ်လျက် ရှိပါကြောင်း၊ လွိုင်လင်မြို့ ကျေးလက်ကျန်းမာရေးဌာနခွဲ အဆောက်အအုံများမှာ ကျေးရွာများမှ ကိုယ့်အားကိုယ်ကိုးဆောက်လုပ် ပေးထားခဲ့ပြီး ဟောင်းနွမ်းယိုယွင်းနေပါသဖြင့် ပြုပြင်အသစ်ဆောက်လုပ်ပေး နိုင်ရန်နှင့် ကျေးလက်ကျန်းမာရေး ဌာနခွဲအသစ်များကို ဖွင့်လှစ်ပေးနိုင်ပါရန် တင်ပြလာပါကြောင်း၊

သို့ဖြစ်ပါ၍ ရှမ်းပြည်နယ်(တောင်ပိုင်း)၊  လွိုင်လင်မြို့ ခုတင်(၂၀၀)ဆံ့ အထွေထွေရောဂါကုဆေးရုံကြီးတွင်  မျက်စိအတူးကုဆရာဝန်ကြီးများ၊ နား၊ နှာခေါင်း၊ လည်ချောင်းအထူးကု ဆရာဝန်ကြီးများနှင့် ဓာတ်မှန်အထူးကုဆရာဝန်ကြီးများအား အလျင်အမြန်ခန့်အပ်တာဝန်ပေးရန် အစီအစဉ်ရှိ/မရှိ၊ အစီအစဉ်ရှိပါက မည်သည့်အချိန်တွင် တာဝန်ပေးမည်နှင့် အစီအစဉ်မရှိပါက မည်သည့်အတွက်ကြောင့် ဖြစ်သည်ကိုလည်းကောင်း၊  အောက်စီဂျင်ပေးစက်များနှင့် ရောဂါရှာဖွေရေး ပုံရိပ်ဖော်စက်(CT Screen)နှင့် အခြားသော ဆေးရုံသုံးပစ္စည်းများ ဖြည့်ဆည်းပေးရန် အစီအစဉ်ရှိ/မရှိ နှင့်  အစီအစဉ်ရှိပါက မည်သည့်အချိန်တွင် ဖြည့်ဆည်းပေးမည်ကို လည်းကောင်း၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်မြို့နယ် ပင်လုံမြို့ ‌ဆဟောင်းကျေးရွာအုပ်စု ဟိန်ဒုံကျေးရွာ နောင်တော်-၁ ကျေးလက်ကျန်းမာရေးဌာနခွဲ ဆေးပေးခန်းအဆောက်အအုံသစ် ၊ ဆဟောင်းကျေးရွာအုပ်စု လွယ်ကန်ရွာ ကျေးလက် ကျန်းမာရေးဌာနခွဲဆေးပေးခန်း အဆောက်အအုံသစ်နှင့် နမ်သမိုကျေးရွာ အုပ်စု ပန်းလင်းကျေးရွာကျေးလက်ကျန်းမာရေးဌာနခွဲ ဆေးပေးခန်းနှင့် အဆောက်အအုံ အသစ်တို့ကို ဆောက်လုပ်ပေးရန်အစီအစဉ် ရှိ/မရှိကို လည်းကောင်း၊ လွိုင်လင်မြို့ ပတ်ဝန်းကျင်ကျေးရွာ အုပ်စုများတွင်နေထိုင်ကြတဲ့ ဒေသခံတိုင်းရင်းသား မိဘပြည်သူများအတွက် ဟွေတောက် ကျေးရွာအုပ်စု ထီအုံးနောင်ရွာတွင် ကျေးလက်ကျန်းမာရေး ဌာနခွဲတစ်ခု၊ တန့်အယ် ကျေးရွာအုပ်စု နမ့်ခုတ်ရွာ(ကုန်းကျောင်းရွာ) ကျေးလက်ကျန်းမာရေးဌာနခွဲ တစ်ခု၊ ဆနင်းကျေးရွာအုပ်စု ဟွေ့ဝမ်ရွာကျေးလက်ကျန်းမာရေးဌာနခွဲတစ်ခုတို့ကို တိုးချဲ့ဖွင်‌့လှစ် ခွင့်ပြုရန် အစီအစဉ်ရှိ/မရှိနှင့်  အစီအစဉ်ရှိပါက မည်သည်‌့အချိန်တွင် ဖွင့်လှစ်ခွင့်ပြုပါမည်ကို လည်းကောင်း၊ နားတစ်ကျေးရွာအုပ်စု ပန်ဟူးကျေးလက်ကျန်းမာရေးဌာနခွဲအတွက် ကျေးလက်ကျန်းမာရေးဝန်ထမ်းများ မည်သည့်အချိန်တွင် ခန့်အပ်တာဝန်ပေးမည်ကိုလည်းကောင်း သိရှိလိုကြောင်း မေးမြန်း ပါသည်။