(ဇ)-ရခိုင်ပြည်နယ်ရှိ မြန်မာ့မီးရထား ဘူတာရုံနှင့် ဝန်ထမ်းနေအိမ်တို့ကိုအမြန်ဆုံးပြုပြင်မွမ်းမံပေးရန် အစီအစဉ်ရှိ၊ မရှိ နှင့် စပ်လျဉ်းသည့်မေးခွန်း
၂၀၁၅ ခုနှစ် မိုးရာသီမတိုင်မီက ကွမ်းတောင်ဘူတာမှ ကျောက်တော်ဘူတာအထိ မီးရထားလေးတွဲသည် တစ်နေ့လျှင် အဆန်နှစ်ခေါက်၊ အစုန်နှစ်ခေါက် ပြေးဆွဲခဲ့ပါကြောင်း၊ ပုဏ္ဏားကျွန်းမြို့နယ်ဟာ ပေါက်တောမြို့နယ်၊ မြောက်ဦးမြို့နယ်တို့ရှိကျေးရွာများနှင့်လည်း နေ့စဉ်နေ့ချင်းပြန် ကူးတို့စက် လှေများ သွားလာမှုရှိနေသည့်အတွက် ထိုမြို့နယ်များမှပြည်သူများ ကျောက်တော် မဟာမြတ်မုနိဘုရားသို့ ဘုရားဖူးရန်ဖြစ်စေ၊ ဆရာဆရာမများ၊ အခြားခရီးသည်များ၊ အခြားကိစ္စများနှင့်ဖြစ်စေ အစုန်ရော၊ အဆန်ပါ ခရီးသည်များ ပြည့်လျှံစွာသွားလာခဲ့ကြသည့်အတွက် မြန်မာ့မီးရထားလမ်းပိုင်းများသည် ရာနှုန်းပြည့်အောင်မြင်ခဲ့ပါကြောင်း၊
၂၀၁၅ ခုနှစ် မိုးတွင်းကာလတွင် လေပြင်းတိုက်ခဲ့ပြီး မိုးကြီးရေလျှံ ဖြစ်ခဲ့ခြင်းကြောင့် ဂဏန်းတောင်ဘူတာနှင့် ကျောက်တော်ဘူတာအကြား မီးရထားလမ်းမိုင်ဝက်ခန့် ကွန်ကရစ်တံတား သုံးစင်းသည် လုံးဝပျက်စီးခဲ့ပြီး ဘူတာရုံများနှင့် ဝန်ထမ်းနေအိမ်များ အနည်းငယ်ပျက်စီးခဲ့သည့်အတွက် မီးရထားသည် ကျောက်တော်အထိ ပြေးဆွဲခြင်းမရှိဘဲ ယိုးတရုတ်ဘူတာအထိသာ တစ်နေ့လျှင် အစုန်တစ်ခေါက်၊ အဆန်တစ်ခေါက် ပြေးဆွဲနေခဲ့ပါကြောင်း၊ ယိုးတရုတ်ဘူတာမှ ဂဏန်းတောင် ဘူတာအထိ ရထားလမ်းမှာ ပျက်စီးခြင်း မရှိခဲ့သော်လည်း ဂဏန်းတောင်ဘူတာနှင့် ဝန်ထမ်းနေအိမ်နှစ်လုံး ခေါင်မိုးအနည်းငယ်ပျက်စီးခဲ့သည့်အတွက် ရထားဝန်ထမ်းများနေစရာမရှိခြင်းကြောင့် ဂဏန်းတောင်ဘူတာအထိ မီးရထားပြေးဆွဲနိုင်ခြင်း မရှိသည်ကို သိရှိရပါကြောင်း၊ပုဏ္ဏားကျွန်းမြို့နယ်၊ ဂဏန်းတောင်ဘူတာသည် ပုဏ္ဏားကျွန်းမြို့နယ်မှ ကျေးရွာရှစ်ရွာနှင့် ကျောက်တော်မြို့နယ်မှ ကျေးရွာ ၁၀ ရွာ စုစုပေါင်း ကျေးရွာ ၁၈ ရွာတို့ရှိ ဒေသခံပြည်သူများ၏ နေ့စဉ် သွားလာလေ့ရှိကြသော နေ့ချင်းပြန် ကူးတို့စက်လှေများ၏ စက်လှေဆိပ်ဘူတာလေး ဖြစ်ပါကြောင်း၊ ထို့ကြောင့် ဘူတာရုံနှင့် ဝန်ထမ်းနေအိမ်တို့ကို ပြုပြင်မွမ်းမံပေးနိုင်ပါက ဂဏန်းတောင်ဘူတာအထိ ရထားတိုးချဲ့ပြေးဆွဲနိုင်မည်ဖြစ်ပါကြောင်းနှင့် တစ်နေ့လျှင် အစုန်နှစ်ခေါက်၊ အဆန် နှစ်ခေါက်ပေါင်း လေးခေါက်စီပြေးဆွဲပေးမည်ဆိုပါက ဒေသခံပြည်သူများအတွက် များစွာအကျိုးပြုနိုင်မည်ဖြစ်ပါ ကြောင်း မေးခွန်းများ မေးမြန်းခဲ့ပါကြောင်း၊ ယခုအခါ ဘူတာရုံနှင့် ဝန်ထမ်းနေအိမ်များ ပြုပြင်ပြီးစီးသွားပြီဖြစ်သည့်အတွက် မီးရထားမှာလည်း ဂဏန်းတောင်ဘူတာအထိ တစ်နေ့လျှင် အစုန်တစ်ခေါက်၊ အဆန်တစ်ခေါက်စီ ဖေဖော်ဝါရီလ ၂ ရက် နေ့မှ စတင် ပြေးဆွဲနေပြီဖြစ်သော်လည်း လုံလောက်ခြင်း မရှိပါကြောင်း၊ ထို့ကြောင့် ယခုအခါ ဂဏန်းတောင်ဘူတာမှ ကွမ်းတောင်ဘူတာအထိ အစုန် တစ်ခေါက်၊ အဆန်တစ်ခေါက် ပြေးဆွဲနေခြင်းကို ယခင်အတိုင်း အစုန်နှစ်ခေါက်၊ အဆန်နှစ်ခေါက် တစ်နေ့လျှင် လေးခေါက်စီ ပြေးဆွဲပေးရန် လိုအပ်နေပါကြောင်း မေးမြန်းပါသည်။