(ဈ)-သမိုင်းချောင်းပိတောက်ချောင်းကမာရွတ်ချောင်း များအားစဉ်ဆက်မပြတ်ထိန်းသိမ်းခြင်းများဆောင်ရွက် ရန်အစီအစဉ်ရှိ၊မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း

2020-12-15

လှိုင်မြို့နယ်တွင် အဓိကရေနုတ်ပေးသည့် ချောင်းသုံးချောင်းရှိပါကြောင်း၊  လှိုင်မြစ်ထဲကို ၎င်းချောင်း သုံးချောင်းလုံး စီးဝင်ပါကြောင်း၊ ယခုအခါ ရပ်ကွက်ရှိ  ရေစုကန်များကို မြေဖို့ပြီး အဆောက်အဦများ ဆောက်ပါကြောင်း၊ လူနေရပ်ကွက်များတွင် ကန်ထရိုက်အဆောက်အဦများဆောက်ခြင်း၊ ကွန်ကရစ်များ အပြည့်ခင်းသည့်အတွက် မြေထဲကို မြေအောက်ရေအဖြစ် စိမ့်ဝင်ခြင်းမရှိဘဲ ချောင်းထဲသို့ ရေပမာဏများစွာ စီးဝင်နေပါကြောင်း၊   စည်းကမ်းမဲ့အမှိုက်များ ပစ်သည့်အတွက် ပိတ်ဆို့မှုများလည်း ရှိပါကြောင်း၊ ချောင်းဧရိယာကို အဆောက်အဦများ ကျူးကျော်ဆောက်ခြင်း၊ ချောင်းမြေကို ဂရန်များထုတ်ပေးသည့်အတွက် ချောင်းဧရိယာသည် တချို့နေရာများတွင် ၄ ပေ၊ ၅ ပေလောက်သာ ရှိပါကြောင်း၊ ထို့အတွက် ၎င်းချောင်း ၃ ချောင်းတိမ်ကော ပပျောက်သွားပါက ရေစီးရေလာ မကောင်းတော့ဘဲ လှိုင်မြို့နယ်နှင့် ဆက်စပ်မြို့နယ်များတွင် ရေကြီးရေလျှံမှုများ နှစ်စဉ်ကြုံတွေ့လာနိုင်ပါ ကြောင်း၊  ထို့ကြောင့် ၎င်းချောင်းကို ချောင်းဧရိယာ ပြန်လည်သတ်မှတ်ရန်လိုပါကြောင်း၊ ချောင်းထဲတွင်  ပိတ်ဆို့နေသည့်အမှိုက်များ၊ နုန်းများ၊ မြေစာများကို တူးရန် MPPS ဝင်ရန်အတွက် ရေပြင်ဧရိယာသည် အနည်းဆုံး ပေ ၂၀ လောက် လိုအပ်ပါကြောင်း၊ တူးဖော်ရရှိသည့်အမှိုက်များ၊ နုန်းများ၊ မြေစာများကို သယ်ထုတ်ရန်အတွက် ချောင်းကမ်းပါးမှ ယာဉ်အဝင်/အထွက်လုပ်နိုင်အောင် ပေ ၂၀ လောက်ကျယ်ရန်လိုပါကြောင်း၊ MPPS နှင့်တူးပြီး မြေစာများ၊ အမှိုက်များဆယ်ပြီး ဆောင်ရွက်မှသာ ထိထိရောက်ရောက် ဆောင်ရွက်နိုင်မည် ဖြစ်ပါကြောင်း၊ ယခုအခါ ယာဉ်များဝင်၍ မရသည့် အတွက် လူအင်အားနှင့်ဆောင်ရွက် ရသည့်အတွက် အလုပ်မတွင် ကျယ်ပါကြောင်း၊ ထို့ကြောင့် လှိုင်မြို့နယ်အတွင်းရှိ သမိုင်းချောင်း၊ ပိတောက်ချောင်း၊ ကမာရွတ်ချောင်း ချောင်းသုံးချောင်းကို ချောင်းဧရိယာ ပြန်လည်သတ်မှတ်တိုင်းတာရန်၊ အမှတ်အသားတိုင်များ စိုက်ထူ၍ ပြန်လည်တူးဖော်ရန်နှင့် စဉ်ဆက်မပြတ်ထိန်းသိမ်းဆောင်ရွက်နိုင် အစီအစဉ်ရှိမရှိ မေးမြန်းပါသည်။