(က)-လျှပ်စစ်မီးမရရှိသေးသောရေးမြို့နယ်အားလာ မည့်ဘဏ္ဍာနှစ်အတွင်းမဟာဓာတ်အားလိုင်းမှလျှပ်စစ် မီးသွယ်တန်းပေးနိုင်ရေးအစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်း သည့် မေးခွန်း
မေးခွန်း အကြောင်းအရာ
မွန်ပြည်နယ်သည် မြို့နယ် ၁၀ မြို့နယ်ဖြင့် ဖွဲ့စည်းထားပြီး ရေးမြို့နယ်သည် အစွန်ဆုံးမြို့နယ် ဖြစ်ပါကြောင်း၊ လူဦးရေ ၂၄၅၀၀၀ ကျော်၊ ကျေးရွာအုပ်စု ၁၃၉ အုပ်စု၊မြို့ပေါ်ရပ်ကွက် ၉ အုပ်စု၊ အိမ်ထောင်စုပေါင်း ၄၁၂၀၀၊ ခုတင် ၁၀၀ ဆေးရုံတစ်ရုံ၊ တိုက်နယ်ဆေးရုံ သုံးရုံ၊ ဌာနဆိုင်ရာ ၃၃ခုနှင့် တပ်ရင်းတပ်ဖွဲ့များ ရှိသည့် လူဦးရေ ထူထပ်သည့်မြို့နယ်ဖြစ်ပါကြောင်း၊ ၁-၁၀-၂၀၁၅ ရက်နေ့ ယခင်သမ္မတကြီး ဦးသိန်းစိန် မော်လမြိုင်မြို့သို့လာရောက်စဉ် သက်ဆိုင်ရာခရိုင်၊ ပြည်သူများ၏ မေးမြန်းချက်အရ လျှပ်စစ်ဝန်ကြီးဌာနမှ မဟာဓာတ်အားလိုင်းကို အောင်မြင်ပြီးဖြစ်ကြောင်းနှင့် သုံးစွဲမှု အတွက် ချေးငွေများ ရရှိပြီးဖြစ်သည်ဟု ပြောကြားသွားပါကြောင်း၊
ထို့အပြင် ပထမအကြိမ် လွှတ်တော်သက်တမ်းတွင် ရေးမဲဆန္ဒနယ်၏ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်က လွှတ်တော်သို့ လျှစစ်မီးရရှိရေးနှင့် စပ်လျဉ်း၍ သုံးကြိမ်တိုင်တိုင်မေးမြန်းခဲ့သော်လည်း ယခုအချိန်အထိလျှပ်စစ်မီး ရရှိခြင်းမရှိသေး ပါကြောင်း၊ မွန်ပြည်နယ်၏ မြို့နယ် ၉ ခုတွင် လျှပ်စစ်မီးရရှိပြီး ရေးတစ်မြို့နယ်တည်းသာ လျှပ်စစ်မီးရရှိခြင်း မရှိသေးပါကြောင်း၊ ရေးမြို့နယ်သည် လျှပ်စစ်မီး နောက်ဆုံးရရှိခဲ့သည့် သံဖြူဇရပ်မြို့နယ်နှင့်လည်း ၆၃ မိုင်သာဝေးကွာသည့်အပြင် လမ်းပန်း ဆက်သွယ်ရေး၊စီးပွားရေး အဆင်ပြေလျက်ရှိပါကြောင်းနှင့် လျှပ်စစ်မီးရရှိရန်အတွက်သာ ကျန်ရှိနေပါကြောင်း၊ ထို့ကြောင့် ရေးမြို့နယ် မဟာဓာတ်အားလိုင်းမှ လျှပ်စစ်သွယ်တန်းမှုပေးနိုင်ရန် အစီအစဉ်ရှိ/မရှိသိရှိ လိုကြောင်း မေးမြန်းပါသည်။