(ခ)-အောင်လံမြို့နယ်အတွင်းရှိနိုင်ငံပိုင်အမှတ်(၃) ဓာတ်မြေဩဇာ စက်ရုံ(ကျော်စွာ)အား ပြန်လည် ဖွင့်လှစ်ပြီးလုပ်ကိုင်ရန်အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်း သည့် မေးခွန်း

2020-12-16

မေးခွန်း အကြောင်းအရာ 

aung htoo myintမြန်မာနိုင်ငံ လူဦးရေ၏ ၇၀ ရာခိုင်နှုန်းကျော်သည် ကျေးလက်နေတောင်သူများဖြစ်ပြီး စိုက်ပျိုးရေးကို အခြေခံဆောင်ရွက်သည့် နိုင်ငံဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံ၏ သီးနှံစိုက်ပျိုးမှု ဧကများကို အကြမ်းဖျင်းကြည့်မည် ဆိုပါက မိုးစပါး၊ နွေစပါး စုစုပေါင်း ၁၇.၇၅ သန်းနှင့် ပဲမျိုးစုံ ၁၁.၄ သန်းနှင့် စက်မှုသီးနှံ၊ အခြားသီးနှံ ၁၂.၃ သန်း စိုက်ပျိုးဧကပေါင်း ၃၂.၅ သန်းလောက် စိုက်ပျိုးသည့် နိုင်ငံဖြစ်ပါကြောင်း၊၎င်း စိုက်ပျိုးသီးနှံ များ အောင်မြင်ဖြစ်ထွန်းရန်အတွက် တောင်သူများ အနေဖြင့် ဓာတ်မြေသြဇာများ သုံးစွဲကြရ ပါကြောင်း၊ ယခုလိုသုံးစွဲသည့်နေရာတွင် ယေဘုယျအားဖြင့် စပါးတစ်ဧကကို ယူးရီးယား ၁.၁ အိတ်ခွဲခန့် သုံးစွဲ ရခြင်းဖြစ်သည့်အတွက် စိုက်ပျိုး မြေဧကများအပေါ် တွက်ချက်မည်ဆိုပါက တစ်နှစ်ကို ၁.၃၃ တန်ချိန် သန်းပေါင်း လိုအပ်မည်ဖြစ်ပါကြောင်း၊ ထို့အတူ ယာသီးနှံများ တစ်ဧကကို အိတ်ဝက်နှုန်းဖြင့် သုံးမည်ဆိုပါက စိုက်ပျိုး ဧကအပေါ်တွင် တန်သန်းပေါင်း ဝ.၈၁ သန်းခန့်ထိ သုံးရခြင်းဖြစ်သည့်အပြင် တစ်နှစ်ကို ယူးရီးယား ဓာတ်‌မြေသြဇာပေါင်း ၂.၁၄ တန်ခန့် သုံးစွဲနေရခြင်းဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံတွင်ရှိသည့် ဓာတ်မြေသြဇာ စက်ရုံများဖြစ်သည့် ကျွန်းကျောင်း၊စက်လှေ၊ ကျော်စွာ၊ မြောင်းဒကာနှင့်ပုသိမ် ဓာတ်မြေသြဇာများအား စက်ရုံများ လည်ပတ်ပြီး ယူးရီးယား ဓာတ်မြေသြဇာများကို တောင်သူများအား ဖြန့်ဖြူးပေးခဲ့သည့် အတွက်ကြောင့် ဈေးနှုန်း ချိုသာပြီး အရည်အသွေးပြည့်မီသည့် ယူးရီးယား ဓာတ်မြေသြဇာကို အသုံးပြုပြီး  တောင်သူများ အကျိုးရှိခဲ့ကြပါကြောင်း၊ မကွေးတိုင်းဒေ သကြီးရှိ အမှတ် (၃) ဓာတ်မြေသြဇာ စက်ရုံ(ကျော်စွာ)သည် ၇-၉-၂၀၁၀ ရက်နေ့ ၉ နာရီအချိန်တွင် သဘာဝ ဓာတ်ငွေ့ ပိုက်လိုင်းပေါက်ခြင်းကို ပြုပြင်ရန် ရုံးချုပ်မှ ညွှန်ကြားချက်အရ စက်ရုံကို ရပ်ဆိုင်းခဲ့ခြင်းကြောင့် ခြောက်နှစ်ကျော် သွားပြီဖြစ်ပါကြောင်း၊ စွမ်းအင်ဝန်ကြီးဌာနက အမှတ်(၃) ဓာတ်မြေသြဇာစက်ရုံ ကို Joint Venture လုပ်ရန်အတွက် ပြည်တွင်းပြည်ပကုမ္ပဏီများကို အကျိုးတူပူးပေါင်းဆောင်ရွက်နိုင်ရန်အတွက် (Letter  Of Expression Of Interest - LOEI) ဖိတ်ခေါ်ခဲ့ရာတွင် ၂၃-၃-၂၀၁၅ ရက်နေ့အထိ LOEI တင်သွင်းသည့် ပြည်တွင်းကုမ္ပဏီသုံးခု၊ မြန်မာ-ဒိန်းမတ်ဖက်စပ်ကုမ္ပဏီတစ်ခု၊ မြန်မာ-ဂျာမနီဖက်စပ်ကုမ္ပဏီတစ်ခုနှင့် ဂျပန်ကုမ္ပဏီသုံးခုတို့က LOEI တင်သွင်းထား ပါကြောင်း၊ သို့သော်လည်း ယနေ့ထိ ၎င်းစက်ရုံသည် လည်ပတ်နိုင်ခြင်း မရှိသေးသည်ကို တွေ့ရှိရပါကြောင်း၊ အစိုးရစက်ရုံထုတ် ယူရီးယားဓာတ်မြေသြဇာများသည် ယခင်ကတည်းက ဦးဆောင်အမှတ်တံဆိပ်အဖြစ် တောင်သူများက လက်ခံသုံးစွဲခဲ့သည့် အရည် အသွေးပြည်‌့မီ ဈေးနှုန်းမှန်သည့် ထုတ်ကုန်များလည်း ဖြစ်ပါကြောင်း၊ ၎င်းစက်ရုံကြီးကို ပြန်လည်လည်ပတ်နိုင်မည်ဆိုပါက မိမိတို့ နိုင်ငံတော်အတွက် အကျိုးရှိမည်ဖြစ်သည့်အတွက် အောင်လံမြို့နယ်အတွင်းရှိ နိုင်ငံပိုင်အမှတ်(၃) ဓာတ်မြေသြဇာ စက်ရုံ (ကျော်စွာ) အား ပြန်လည် ဖွင့်လှစ်ရန် အစီအစဉ်ရှိ/မရှိ သိရှိ လိုပါကြောင်း မေးမြန်းပါသည်။