(စ)-ပခုက္ကူမြို့နယ်၊ ကုက္ကိုလှမြစ်ရေတင်စီမံကိန်း ဧက ၅၀၀၀ မှာ ရေပေးဝေခြင်း ကောင်းမွန်စွာ ရှိနိုင်သော ဧက ၁၀၀၀ ခန့်သာရှိသဖြင့်ကျန်ဧက ၄၀၀၀ အတွက်မည်သို့ဆောင်ရွက်မည်သို့မဟုတ် ကျန် ၄၀၀၀ ဧကကိုပါဖျက်ပေးနိုင်ခြင်းရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း
မေးခွန်း အကြောင်းအရာ
ကုက္ကိုလှလျှပ်စစ်မြစ်ရေတင် စီမံကိန်းကို ၁-၁၀-၁၉၉၉ ရက်နေ့တွင် စတင်ဆောင်ရွက်ခဲ့ပြီး ၁-၂-၂၀၀၀ ရက်နေ့တွင် ပြီးစီးခဲ့ပါကြောင်း၊ အကျိုးပြုဧက ၅၀၀၀ အတွက် စပါးဧက ၁၀၀၀ နှင့် ကျန် ဧက ၄၀၀၀ တွင် သီးထပ်သီးနှံများစိုက်ပျိုးနိုင်ရန် ရည်ရွယ်ပြီး ပင်မမြောင်းအရှည် ၅၃၇၅၀ ပေ၊ လက်တံမြောင်း ၃၁၅၀၀ ပေ၊ မြောင်းလုပ်ငန်း၊ စက်ပိုင်းဆိုင်ရာလုပ်ငန်းနှင့် လျှပ်စစ်လုပ်ငန်းတို့အတွက် ကျပ်ငွေ ၂၆၂.၈၈ သန်းကို နိုင်ငံတော်က အကုန်အကျခံကာ ရေပေးမြောင်းကို ၁၀ မိုင်ခန့်အထိ တည်ဆောက်ခဲ့ပါကြောင်း၊ မြောင်းများ ဖောက်လုပ်ခဲ့ရာတွင် ကျေးရွာတောင်သူများ၏ မြေများ သိမ်းဆည်းခံရသကဲ့သို့ လုပ်အားပေးခဲ့ကြရပါကြောင်း၊ လက်ရှိအခြေအနေတွင် မြောင်းမကြီး၏ အရှည် သည် ၅၃၇၅၀ ရှိသည့်အနက် ပေ ၁၄၀၀၀ အထိသာ ပြုပြင်ထားပြီး ပေ ၁၀၀၀၀ အထိသာ ရေပေးဝေနိုင်ခဲ့ပါကြောင်း၊ ထို့အပြင် လက်တံမြောင်း ၁၁ မြောင်း ရှိသည့်အနက် ၈ မြောင်းသာ ရေပေးဝေနိုင်ခဲ့ပါကြောင်း၊ ဧရာဝတီမြစ်ရေကြီးချိန်တွင် မြစ်ရေဝင်ရောက် လွှမ်းမိုးမှုကြောင့် ရေဝင်ပျက်စီးမှုများဖြစ်ပေါ်ခဲ့ပြီး မြောင်းပေါင်ဖို့ထားသည့် မြေအမျိုးအစားသည် နုန်းတင်မြေဖြစ်သည့် အတွက် ပျက်စီးရန်လွယ်ကူပါကြောင်း၊ ယခုအခါ မြောင်းများပျက်စီးမှုကြောင့် နှစ်စဉ် မိုးစပါးဧက ၈၀ နှင့် နွေစပါးဧက ၁၀၀ ကိုသာ စိုက်ပျိုးနိုင်ခဲ့ပါကြောင်း၊ စနစ်တကျ မြောင်းများကိုပြုပြင်နိုင်မည်ဆိုပါက ဧက ၇၀၀ ထိ စိုက်ပျိုးနိုင်ပါကြောင်း၊ မြစ်ရေတင်လုပ်ငန်းအောင်မြင်ရန်အတွက် ရေအရင်းအမြစ် ကောင်းစွာလိုအပ်ပါကြောင်း။ မြစ်ရေတင်ရန် လျှပ်စစ်ဓာတ်အားမှာလည်း အလုံအလောက်ရရှိရ မည်ဖြစ်ပါကြောင်း၊ ရေသောက်စနစ်ကောင်းမွန်အောင် တည်ဆောက်နိုင်မှသာ အောင်မြင်မည်ဖြစ် ပါကြောင်း။ ကုက္ကိုလှ လျှပ်စစ်မြစ်ရေတင် စီမံကိန်းသည် မြစ်ရေကြီးချိန်တွင် ရေတင်သည့်အရပ် ဖြစ်သည့်အတွက် သဘာဝအခြေအနေမပေးသည့် ရေတင်စနစ်ဖြစ်ပါကြောင်း၊ ယခုအခါ နှစ်ပေါင်း ၁၆ နှစ် ကြာမြင့်ပြီဖြစ်သော်လည်း စီမံကိန်း၏ တစ်စိတ်တစ်ပိုင်းဖြစ်သည့် ၁၀ မိုင်ခန့်ကို ရည်ရွယ်ခဲ့ သော်လည်း ၂.၅ မိုင်ခန့်သာ အကျိုးရှိသည်ကို တွေ့ရှိရပါကြောင်း၊ ထို့အတွက် ပျက်စီးမှုများသည့် ရေပေးမြောင်းမကြီး၏ ၂.၅ မိုင် နောက်ပိုင်းတွင်ရှိသည့် မြေနေရာများအား စွန့်လွှတ်နိုင်ခြင်းရှိ/မရှိနှင့် ကောင်းမွန်စွာပေးနိုင်သော ဧက ၁၀၀၀ နှင့် အခြားရေမရရှိသောဧက ၄၀၀၀ အတွက် မည်ကဲ့သို့ စီမံဆောင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။