(ခ)-ကျောက်တော်မြို့နယ်အောက်ပိုင်းပိန္နဲချောင်း -ကြောင်စွယ်ဖြူရွာချင်းဆက်ကမ်းခြေလမ်းမကြီး အားကတ္တရာလမ်းမကြီးအဖြစ်ပြုလုပ်ပေးရန်အစီ အစဉ် ရှိ၊ မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း

2020-12-16

မေးခွန်း အကြောင်းအရာ 

u u tun winကမ္ဘာ့ဘဏ်၏ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံသည် အရှေ့တောင်အာရှမှာ လမ်းပန်းဆက်သွယ်ရေး အဆိုးရွားဆုံးနိုင်ငံဖြစ်ပါကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးမှုအနိမ့်ဆုံးဖြစ်သော ရခိုင်ပြည်နယ်တွင် လမ်းပန်း ဆက်သွယ်မှုအခြေအနေများသည် ဆိုးဆိုးရွားရွားဖြစ်နေသည့် အခြေအနေ ဖြစ်ပါကြောင်း၊ ကျောက်တော်မြို့နယ်၏ မြို့နယ်ဖွဲ့စည်းပုံ အခြေအနေ သည် မြစ်ချောင်း များကို အမှီပြုပြီးတော့ ရွာတည်ထားခြင်းဖြစ်သည့်အတွက် တစ်ရွာနှင့် တစ်ရွာသည် တစ်ဆက်တစ်စပ်တည်း ရှိနေပြီး နှစ်ပေါင်းရာချီတည်ရှိနေသော ကျေးရွာများဖြစ်ပါကြောင်း၊  

ပိန္နဲချောင်း-ကြောင်စွယ်ဖြူလမ်းမကြီးသည် ကျောက်တော်မြို့နယ် လူဦးရေ ၁၀ ရာခိုင်နှုန်း ကျော်နေထိုင် သော ကမ်းခြေကြီးတစ်ခုဖြစ်သည့်အပြင် မိသားစုပေါင်း ၆၀၀၀ ခန့်၊ လူဦးရေ သုံးသောင်းခန့်၊  ရွာပေါင်း ၃၄ ရွာနှင့် အနီးအနားကျေးရွာများပါဝင်ပါက ရွာပေါင်း လေးဆယ်ကျော်ခန့်ရှိပြီး တောင်သူ လယ်သမားများ  အများဆုံး နေထိုင်ပါကြောင်း၊  လမ်းပန်း ဆက်သွယ်ရေးဆိုးရွားသည့် အခြေအနေ များကြောင့် မိုးရာသီတွင် မြို့နှင့် အဆက်အသွယ် လုံးဝပြတ်တောက်ခြင်း၊ ကျန်းမာရေး၊ ပညာရေး၊ ဒေသန္တရ အုပ်ချုပ်ရေးယန္တရားများတွင် အခက်အခဲ အများကြီးကြုံတွေ့ရပါကြောင်း၊  ရေကြောင်းဖြင့် သွားလာရာ တွင်လည်း  ၂၀၁၂ ခုနှစ်တွင် ဖြစ်ပွားခဲ့သော Communal Violence ဖြစ်ပြီးနောက် ဘင်္ဂါလီများသည် အဆိုပါချောင်းတွင် ပိုက်ချနေရာ ယူထားသည့်အတွက် သွားရေးလာရေးသည် အတော်ပင် ခက်ခဲနေပါ ကြောင်း၊ ထို့ကြောင့် ကျောက်တော်မြို့နယ်အောက်ပိုင်း ပိန္နဲချောင်း-ကြောင်စွယ်ဖြူရွာချင်းဆက် ကမ်းခြေ လမ်းမကြီးအား ကတ္တရာလမ်းမကြီးအဖြစ် ပြုလုပ်ပေးရန် အစီအစဉ်ရှိ/မရှိကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။