(ဇ)-သရက်မြို့နယ်အတွင်းရှိ မကျီးပင်ပု-ရွှေပန်း ကိုင်းလမ်းအားရာသီမရွေးသွားလာနိုင်သောလမ်း အဖြစ်ဆောလျင်စွာပြုပြင်ရန်အစီအစဉ်ရှိ၊မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း
မေးခွန်း အကြောင်းအရာ
သရက်မြို့နယ်၏ အနောက်မြောက်ဘက်ခြမ်းတွင် ကျေးရွာပေါင်း ၃၀၊ အိမ်ခြေပေါင်း ၄၀၀၀ နှင့် လူဦးရေပေါင်း ၁၅၀၀၀ ခန့်က စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေးတို့နှင့်ပတ်သက်၍ မကျီးပင်ပု-ရွှေပန်းကိုင်းလမ်း ၂၅/၁.၄၇ မိုင်အား အဓိက မှီခိုအားထားနေရသည့်လမ်းဖြစ်ပါကြောင်း၊ အဆိုပါ မကျီးပင်ပု-ရွှေပန်းကိုင်းလမ်းသည် ပုသိမ်-မုံရွာလမ်းအူကြောင်းဖြစ်ပြီး အရင်ပါတီ ကောင်စီခေတ်မှ ယနေ့အထိ နိုင်ငံတော်နှင့် ကျေးရွာလူထုမှ ပြုပြင်ဖောက် လုပ်ထား သည့်လမ်းဖြစ်ပါကြောင်း၊
၎င်းလမ်းသည် နွေရာသီတွင် ရှည်လျားကျယ်ဝန်းသော ချောင်းများပေါ်တွင် ကျောက်ဆောင်၊ ကျောက်ခဲကြီးများ၊ ညီညာဖြောင့်ဖြူးမှုမရှိသောလမ်းများ ဘေးကင်းလုံခြုံမှုမရှိခြင်းနှင့် ကျဉ်းမြောင်းသော တံတားလေးများ၊ ထူထပ်သောဖုန်မှုန့်များ၊ ချိုင့်ခွက်များ၊ ခယောင်းလမ်းများနှင့် ခက်ခဲကြမ်းတမ်းစွာသွားလာ ရသော မော်တော်ယာဉ်များမှာ သရက်မြို့သို့ တစ်နေ့လျှင် တစ်ခေါက်မျှသာ သွားလာနိုင်ခြင်း၊ မိုးရာသီတွင် လမ်းကြောင်းများ လုံးဝပျက်တောက်၍ သွားလာနိုင်မှုမရှိသောလမ်း ဖြစ်ပါကြောင်း၊ မိမိမဲဆန္ဒနယ် အတွင်းရှိ ကျေးရွာသားများသည် လိုအပ်ချက်များစွာ ရှိသော်လည်း အဓိကအရေးတကြီးလိုအပ်ချက်မှာ ၎င်းမကျီးပင်ပု-ရွှေပန်းကိုင်လမ်းသည် ရာသီမရွေးသွားလာနိုင်ရေးနှင့် စံချိန်စံညွှန်းမီသောလမ်းဖြစ်မြောက်ရေးအား တောင်းဆို ဆန္ဒပြုကြပါကြောင်း၊
၎င်းမကျီးပင်ပု-ရွှေပန်းကိုင်းလမ်း ကောင်းမွန်မှုမရှိခြင်းကြောင့် စီးပွားရေးနှင့်ပတ်သက်၍ ကျေးရွာသူကျေးရွာသားများမှာ မိမိတို့စိုက်ပျိုး ထုတ်လုပ်သော ကောက်ပဲသီးနှံများအား အချိန်မီ ဈေးကွက်သို့မပို့နိုင်ဘဲ ရသင့်သောဈေးနှုန်းများမရရှိခြင်း၊ ဈေးကွက်မမီခြင်း၊ အများအပြား စိုက်ပျိုးထုတ်လုပ်နိုင်မှုမရှိကြပါကြောင်း၊ အဓိက အရေးတကြီး လိုအပ်ချက်ဖြစ်သော ကျန်းမာရေးနှင့် ပတ်သက်၍ အသည်းအသန် နေထိုင်မကောင်းသူများ မော်တော်ကားများဖြင့် သွားလာနိုင်မှု မရှိခြင်းကြောင့် လှည်းများ၊ စောင်ပုခတ်များဖြင့် လူနာအားနီးစပ်ရာကျေးလက် ကျန်းမာရေး ဌာနခွဲသို့လည်းကောင်း၊ သရက်ဆေးရုံသို့လည်းကောင်းသယ်ယူရာတွင် ကျေးလက်ကျန်းမာရေး ဌာနခွဲ (သရက်မြို့) သို့ မရောက်မီ လမ်းခုလတ်တွင် အသက်ဆုံးရှုံးရကြောင်း စိတ်မချမ်းမြေ့ဖွယ်ရာ များကို ကျေးရွာလူထုမှ အထူးလိုအပ်ချက်အဖြစ် တင်ပြတောင်းဆိုကြပါကြောင်း၊
ပညာရေးနှင့်ပတ်သက်၍လည်း ကျောင်းသားကျောင်းသူများ တစ်ရွာနှင့်တစ်ရွာ ရာသီမရွေး သွားလာရာတွင်လည်းကောင်း၊ ကျေးရွာများမှ သရက်မြို့သို့ ကျောင်းတက်ရာတွင်လည်းကောင်း များစွာခက်ခဲပါကြောင်း၊ ထို့ကြောင့် သက်ဆိုင်ရာမှ အဆိုပါ မကျီးပင်ပု-ရွှေပန်းကိုင်းလမ်းအား လိုအပ်သလို ပြန်လည်စိစစ်ခြင်းနှင့် လိုအပ်သောဘဏ္ဍာရေးခွင့်ပြုမိန့်များ ချမှတ်ပေးနိုင်ခြင်း ရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။