(ဃ)-ကျွန်းစုမြို့နယ်၊ ညောင်ဘီးကျေးရွာအုပ်စု (အ.ထ.က) ကျောင်းအား ၂၀၁၆-၁၇ ခုနှစ်တွင် အထက်တန်း စာစစ်ဌာနအဖြစ် ချထားပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း
ကျွန်းစုမြို့နယ်၊ ညောင်ဘီးကျေးရွာအုပ်စုတွင် စာစစ်ဌာနရရှိရေးအတွက်ကို ခရိုင်နှင့်မြို့နယ် ပညာရေးမှူးတို့မှာ အချက် (၁၁) ချက်ဖြင့် စီစစ်၍ ပြည့်စုံသဖြင့်၊ မြန်မာနိုင်ငံစာစစ်ဌာန (ရန်ကုန်) မြို့သို့ ခရိုင်ပညာရေးဌာန၏ စိတ်/၆၃၀ (စာစစ်) ၁၀-၂၀၁၆ မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၏ ၂၅-၁၀-၂၀၁၆ ရက်စွဲပါစာအမှတ် ၉၀၀/၅-၂ ဦး-၆ အရ မြို့နယ်ပညာရေးမှူး၏ စိတ် ၄၅၅၆/ (စာစစ်) ၁၀-၂၀၁၆ အရလည်းကောင်း အမှုတွဲတင်ပြတောင်းခံ ထားပြီးဖြစ်ပါကြောင်း၊ အဆိုပါ ညောင်ဘီးကျေးရွာအုပ်စုသည် ကျွန်းစုမြို့နယ်စာစစ်ဌာနသို့ ရေမိုင်အားဖြင့် ၄၂ မိုင်ကွာဝေး၍ နေ့စဉ် စာမေးပွဲဖြေဆိုနိုင်ရန်အတွက် ရေလမ်းခရီးဖြင့် လှိုင်းဒဏ်၊ လေဒဏ် ကြမ်းတမ်းခက်ခဲစွာဖြင့် စာမေးပွဲသို့ သွားရောက်ဖြေဆိုရာတွင် ကြီးကြပ်သူ၊ အုပ်ချုပ်သူများပါ လိုက်ပါလျှင် လူဦးရေစုစုပေါင်း ၅၀၀ ကျော်က လှေငါးစီးဖြင့် သွားရောက်ဖြေဆို ဆောင်ရွက်နေကြသည့်အတွက် ခရီးအနည်းငယ် ပင်ပန်းခြင်း၊ အလုပ်အကိုင်ပျက်၍ သွားလာနေရခြင်း၊ တည်းခိုနေထိုင်ရေးအခက် အခဲနှင့် ငွေရေးကြေးရေး အခက်အခဲများကို ရင်ဆိုင်နေရပါကြောင်း၊
အဆိုပါညောင်ဘီးကျေးရွာတွင် အထက်တန်းစာစစ်ဌာန ရရှိမည်ဆိုပါက ညောင်ဘီးကျေးရွာ အုပ်စုမှ ကျောင်းသားဦးရေ အတွင်းဖြေ ၁၅၀၊ အပြင်ဖြေ ၁၅ ဦး၊ မောင်းတော်ကျေးရွာအုပ်စုတွင် ၂၇ ဦး၊ သဇင်ကျေးရွာ (အ.ထ.က) တွင် ၆၉ ဦး၊ ပန်းစင်ကျေးရွာအုပ်စုတွင် အတွင်းဖြေ ၄၆ ဦးနှင့် အပြင်ဖြေ ၁၀ ဦး စုစုပေါင်း ကျောင်းသားကျေးရွာအုပ်စု လေးအုပ်စုမှ ကျောင်းသား ၃၁၇ ဦးတို့သည် ၎င်းစာစစ် ဌာနတွင် သွားရောက်၍ စိတ်အေးချမ်းချမ်းသာစွာဖြင့် စာမေးပွဲကို ဖြေဆိုနိုင်မည်ဖြစ်ပါကြောင်း၊ သို့ပါ၍ ညောင်ဘီးကျေးရွာ (အ.ထ.က) စာစစ်ဌာနအား ၂၀၁၆-၁၇ ခုနှစ်တွင် အထက်တန်းစာစစ်ဌာန အဖြစ် ချပေးနိုင်ခြင်းရှိ/မရှိကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။