(က)-ခန္တီး-ရွှေပြည်သာကျေးရွာ(ကျောက်စိမ်းတွင်းဒေ သ)ကားလမ်းအကြားရှိချောင်းကြီး/ချောင်းငယ်များ ၌အမာခံတံတားများဆောက်လုပ်ပေးရန်အစီအစဉ် ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း
ခန္တီး-ရွှေပြည်သာကျေးရွာကားလမ်းသည် ၂၅ မိုင်ရှည်ပါကြောင်း၊ ရွှေပြည်သာကျေးရွာသည် လသာ ကျေးရွာ၊ ချောင်းသာကျေးရွာ၊ မြကျွန်းသာကျေးရွှာ ကျေးရွာလေးရွာနှင့်ဖွဲ့စည်းထားသော ကျေးရွာ အုပ်စုဖြစ်ပြီး ခန္တီးကျောက်စိမ်းတွင်း တူးဖော်ရာနေရာဒေသလည်း ဖြစ်ပါကြောင်း၊ ခန္တီး-ရွှေပြည်သာ ကျေးရွာကားလမ်းကို ရာသီမရွေးသွားလာနိုင်ရန်အတွက် နယ်စပ်ရေးရာဝန်ကြီးဌာန ဘတ်ဂျက်ဖြင့် ကျောက်ခင်းလမ်းကို ၂၀၁၄-၁၅ ခုနှစ်တွင် ၁၀ မိုင်၊ ၂၀၁၅-၁၆ ခုနှစ်တွင် ၅ မိုင်၊ ၂၀၁၆-၁၇ ခုနှစ်တွင် ၄ မိုင်ခင်းပေးလျက်ရှိပါကြောင်း၊ ကျန် ၆ မိုင်ကို ၂၀၁၇-၁၈ ခုနှစ် ဘတ်ဂျက်တွင် နှစ်မိုင် ကျောက်လမ်း ခင်းပေးရန် လျာထားသည်ကို သိရှိရပါကြောင်း၊ ကျောက်ခင်းလမ်းများ ခင်းပေးနေသော်လည်း ကားလမ်းပေါ်တွင် ချောင်းကြီးချောင်းငယ်ပေါများသဖြင့် အမာခံတံတားများဆောက်လုပ် ပေးရန် လိုအပ်နေပါကြောင်း၊
၎င်းကားလမ်းကို ပွင့်လင်းရာသီကာလ ရောက်သည့်အခါ ကား၊ ဆိုင်ကယ်များသွားလာနိုင်ရန်အတွက် ရွှေပြည်သာကျေးရွာအုပ်စု လူထုလုပ်အားနှင့် ပြုလုပ်ထားသည့် သစ်ပင်တစ်ပင်ကို နှစ်ခြမ်းခွဲစိတ်ပြီး ခင်းထားသည့်တံတား အတိုင်း သွားလာနေကြရပါကြောင်း၊ ၎င်းတံတားများသည် မိုးရာသီရောက်ပါက တချို့မှ ရေနစ်မြုပ်သွားပြီးပျက်စီးသွားသည့် အတွက်ကြောင့် ကား၊ ဆိုင်ကယ်များ သွားလာ၍ မရတော့ပါကြောင်း၊ ရေကြောင်းလမ်း နမ်ခမာချောင်းမှ စက်လှေများနှင့်သာ သွားလာနေရပြီး၊ ရွှေပြည်သာကျေးရွာအထိ မရောက်ရှိဘဲ ချောင်းသာရွာအထိသာ ရောက်ရှိပြီး ၎င်းကျေးရွာမှတစ်ဆင့် ကား၊ ဆိုင်ကယ်များဖြင့် လူ၊ ကုန်ပစ္စည်းများ တန်ဆာခ ထပ်မံ ပေးဆောင်ပြီး ရွှေပြည်သာကျေးရွာသို့ သွားရပါကြောင်း၊ ဝန်ဆောင်ခစရိတ် နှစ်ဆင့်ပေးဆောင်နေရသဖြင့် သွားလာစရိတ်များပြီး လူသုံးကုန် ပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများ ဈေးကြီးမြင့်ပါကြောင်း၊ သွားလာရသောခရီးမှာ ရေတစ်တန်၊ ကုန်းတစ်တန်ဖြစ်ခြင်း၊ အချိန်ကြန့်ကြာခြင်းတို့ကြောင့် ကျေးရွာလူထုများအတွက် အခက်အခဲများနှင့် ကြုံတွေ့နေရပါကြောင်း၊ ထို့ကြောင့် ခန္တီး-ရွှေပြည်သာကျေးရွာ ကျောက်စိမ်းတွင်းဒေသ ကားလမ်း ကြားရှိ ချောင်းကြီး၊ ချောင်းငယ်များ၌ အမာခံတံတားများဆောက်လုပ်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် အစီအစဉ်ရှိပါက မည်သည့်ဘဏ္ဍာ နှစ်တွင် စတင်ဆောက်လုပ်ပေးမည်ဖြစ်ကြောင်းနှင့် အစီအစဉ်မရှိ ပါက မည်သည့်အတွက်ကြောင့်ဆိုသည်ကို သိရှိလိုပါကြောင်းမေးမြန်းပါသည်။