(ခ)-မြေပုံမြို့နယ်၊ ချောင်းကြီးကျေးရွာအုပ်စု၊ကွင်း အမှတ် (၆၄) သိုင်းဗျိုက်ကွင်း မြေဧက (၂၀) ကို လယ်ယာမြေ ပုံစံ(၇) ထုတ်ပေးခဲ့ပြီး ကျန်မြေ (၁၆.၈၄) ဧကအား ဒေသခံများအကျိုးအတွက် မည်သို့ လုပ်ဆောင်ရမည်ကို သိရှိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း

2020-12-15

မေးခွန်း အကြောင်းအရာ 

phe thanမြေပုံမြို့နှင့်မိုင် ၂၀ ခန့် ကွာဝေးသော မင်းပြားနှင့် အမ်းလမ်းအပိုင်း၊ မိုင်တိုင်အမှတ်(၉၃) ရှိ မြေဧက ၂၀ သည် ဒုတိယကမ္ဘာစစ်အတွင်းက ရွာပျက်ပြီး ရွာပျက်မြေအဖြစ် တည်ရှိခဲ့ပါကြောင်း၊ မြေစာရင်း ဦးစီးဌာနတွင်း ယင်းမြေကို လယ်လပ်မြေအဖြစ် ဖော်ပြထားပါကြောင်း၊ ယင်းမြေကို တပ်မတော် အစိုးရလက်ထက်တွင် ကြက်ဆူပင်စိုက်မည်ဆိုပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ ခယက၊ မယက တို့ကခွဲတမ်းကြယူခဲ့ကြပါကြောင်း၊ သို့သော် ယခုနှစ်အထိလည်း ကြက်ဆူပင်တစ်ပင်မှ မရှိတော့သော်လည်း မြေကို ရယူထားဆဲဖြစ်ပါကြောင်း၊ ၎င်းတို့မှာလည်း မိမိစုံစမ်းသလောက် အထောက်အထား ပိုင်ပိုင်နိုင်နိုင်မရှိပါကြောင်း၊ ဦးမောင်ကြီးဆိုသူက ယင်းမြေထဲတွင် သူ၏ပိုင်နက်မြေ၊ သူ၏ဘိုးဘွားပိုင်မြေ  ၃.၁၆ ဧက ပါသည်ဟု လယ်ယာမြေ စုံစမ်းရေးကော်မရှင်ကို တင်ပြခဲ့ပါကြောင်း၊ လယ်ယာမြေစုံစမ်းရေးကော်မရှင်က ပြည်နယ်အစိုးရကို လွှဲသည့်အခါ နောက်ဆုံးရလဒ်သည် ထိုမြေ ၃.၁၆ ဧကကို အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနက ဝ.၅၆ ဧက၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ၁.၂၀ ဧက၊ ပြည်ထောင်စုကြံ့ခိုင် ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီက ၁.၄၀ ဧကဟု ပုံစံ(၇)အသီးသီး ထုတ်ပေးခဲ့ခြင်းဟု အဖြေရပါကြောင်း၊ ကျန်မြေ ၁၆.၈၄ ဧကကိုလည်း ဆက်လက်သိမ်းထားပါကြောင်း၊

အဆိုပါသိမ်းဆည်းထားသည့်မြေကို ဒေသခံများက စားကျက်မြေအဖြစ် သုံးနေကြပါကြောင်း၊ ယင်းမြေကို ဒေသခံများက ကချင်ပြည်နယ်ကလာသော ဒုက္ခသည်များကို နေရာချထားပေးခြင်း၊ ဖက်ဆစ်တော်လှန်ရေးခေါင်းဆောင်ကြီး ဆရာတော်ဦးစိန်သာ၏ ပန်းခြံအသေးဆောက်လုပ်ခြင်း၊ တိုက်နယ်ဆေးရုံ ဆောက်လုပ်ခြင်း စသည့် ပြည်သူအများ အကျိုးအတွက် သုံးချင်ကြသည့်အတွက် ယခုကဲ့သို့ သိမ်းဆည်းထားမှုအပေါ် မကျေနပ်ကြပါကြောင်း၊ သိမ်းဆည်းမြေများကို မြေကွက်များ ဖော်ထုတ်ကာ တိုးချဲ့အိမ်ယာများအဖြစ် မြေကွက်များ ရောင်းဝယ်မှုများ ပြုလုပ်ကြပါကြောင်း၊

မြေပုံ-မင်းပြား-အမ်း သုံးလမ်းဆုံရှိ မြေကွက်သည် မြေကွက်ကောင်းဖြစ်ပြီး ခယက သိမ်းမြေသည် ၁၀ ဧက၊  ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီသိမ်းသည့်မြေသည် ၅ ဧက၊ မယက သိမ်းသည့်မြေသည် ၅ ဧက ဖြစ်ပါကြောင်း၊ မိုင်တိုင်အမှတ်(၉၃)တွင် ဘေးချင်းကပ်လျက် တည်ရှိသော မြေသည်လည်း ယခင်က အရိုင်းမြေအနေဖြင့်ရှိပြီး စားကျက်မြေအဖြစ် ရွာသားများ အစဉ်အဆက် သုံးလာသည့်မြေဖြစ်ပါကြောင်း၊ ယခုအချိန်ထိလည်း ဘာမှမရှိပါကြောင်း၊ ဆောက်လုပ်ရေး ဝန်ထမ်းတစ်ဦးက ဝန်းခြံခတ်ပြီး ယူထားပါကြောင်း၊  ထိုကဲ့သို့ တိုးချဲ့ပြီး အကွက်ရိုက်ကာ ရောင်းစားနေမှုများလည်း တွေ့လာရပါကြောင်း၊

သို့ဖြစ်ပါ၍ ယင်းမြေကို ပြန်ရနိုင်ရေးအတွက် သက်ဆိုင်ရာက ညှိနှိုင်းပေးနိုင်ရန်အတွက် မေးမြန်းခြင်းဖြစ်ပါကြောင်း၊ ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်၊ ချောင်းကြီးကျေးရွာအုပ်စု၊ ကွင်းအမှတ်(၆၄)၊ သိုင်းဗျိုက်ကွင်းမြေဧက ၂၀ ၊ ခယက၊ မယက၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ အမည်များဖြင့် အသီးသီးရယူထားပြီးမှ ဥပဒေလုပ်ထုံး လုပ်နည်းနှင့် ညီညွတ်မှုရှိ/မရှိ၊ ဦးမောင်ကြီးက ဘိုးဘွားပိုင်မြေဟု တိုင်ကြားခဲ့သည့်မြေ ၃.၁၆ ဧက အား ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ အမည်များဖြင့် လယ်ယာမြေပုံစံ(၇) ထုတ်ပေးပြီး ကျန်မြေ ၁၆.၈၄ ဧကကို ဆက်လက် ရယူထားခြင်းသည် ဥပဒေနှင့်ညီညွတ်မှုရှိ/မရှိ၊ ဥပဒေနှင့် ညီညွတ်မှုမရှိပါက အဆိုပါ ကျူးကျော်မှုများအား မည်သို့ဖယ်ရှားပေးမည်နှင့် ဒေသခံများအကျိုးအတွက် အသုံးပြုခွင့်ရနိုင်ရန် မည်သို့လုပ်ဆောင်ပေးမည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။