(က)-ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်တွင်လှော်ကား လမ်းမကြီးကို အကျယ် (၄၈) ပေရှိ ၄ လမ်း သွား ကားလမ်းမကြီးအဖြစ်တိုးချဲ့ပေးပါရန်အစီအစဉ်ရှိ/ မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း

2020-12-15

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်သည် ၁၉၈၉-၁၉၉၀ ခုနှစ်ကတည်းက စတင်တည်ဆောက်ပေးခဲ့သော မြို့သစ်တစ်မြို့ဖြစ်ပြီး လူဦးရေ ၃၀၀၀၀၀ ကျော်နေထိုင်ကာ နှစ်ပေါင်း ၂၇ နှစ်ရှိခဲ့ပြီဖြစ်သော်လည်း ဖွံ့ဖြိုးမှုနှေးကွေးနေသည့် မြို့တစ်မြို့ဖြစ်ပြီး အထူးသဖြင့် အတူတကွ တည်ဆောက်ခဲ့တဲ့ ဒဂုံမြို့သစ်(မြောက်ပိုင်း)နှင့် များစွာကွာခြားလျက် ရှိသည်ကို တွေ့မြင်ရမည် ဖြစ်ပါကြောင်း၊ ကွန်ကရစ် သို့မဟုတ် ကတ္တရာခင်းရန်ကျန်သော မြေသားလမ်း ၅၉၆ လမ်း ရှိနေပါကြောင်း၊ ၂၀၁၆-၁၇ ဘဏ္ဍာနှစ်တွင် ဒဂုံမြို့သစ် (မြောက်ပိုင်း) တွင် ကွန်ကရစ်ခင်းမည့်လမ်း ၂၇ လမ်း၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း) တွင် ၉ လမ်း၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) တွင် ၃၈ လမ်းခင်းပေးသော်လည်း ဒဂုံမြို့သစ်(တောင်ပိုင်း)ကို ၉ လမ်းသာ ချထားပေးခဲ့သည်ကို တွေ့ရပါကြောင်း၊

ဒဂုံမြို့သစ်(တောင်ပိုင်း) တွင် အဓိက လမ်းမကြီးဖြစ်သော ပြည်ထောင်စုလမ်း၊ မြိတ်လမ်း၊ မောင်းမကန်လမ်း၊ ပုဂံလမ်း၊ ကျန်စစ်သားလမ်း၊ လှော်ကားလမ်းမကြီးဟူ၍ ရှိပြီး လှော်ကားလမ်းမကြီး သည် မြို့နယ်၏ အဓိက အသက်သွေးကြောလမ်းမကြီးဖြစ်ပါကြောင်း၊ လမ်းမကြီးများ တိုးချဲ့ပးရန် မိမိ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် စတင် တာဝန်ထမ်းဆောင်ကတည်းကပဲ ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ရန်ကုန်မြို့တော်ဝန်တို့ကလည်း မေတ္တာရပ်ခံ တင်ပြခဲ့ပါကြောင်း၊ လမ်းများချဲ့ပေးရန် ၂၀၁၆-၁၇ ဘဏ္ဍာနှစ်ခွဲဝေလမ်း ၉ လမ်းသည် ယခု ၈၀ ရာခိုင်နှုန်းခန့် ခင်းပြီးပါကြောင်း၊ ထို့အပြင် လွှတ်တော်ဥက္ကဋ္ဌကြီး၏ တာဝန်ပေးအပ်ချက်အရ လွှတ်တော် ကိုယ်စားလှယ်များ၏ ဦးဆောင်မှုဖြင့် ပြည်ထောင်စုလွှတ်တော် ဖွံ့ဖြိုးရေးရန်ပုံငွေ သိန်း ၁၀၀၀ ဖြင့် ပြည်သူများပူးပေါင်းမှုဖြင့် ၂၇ လမ်းကိုလည်း ယခုလပိုင်းထဲတွင် ခင်းခဲ့ပါကြောင်း၊

အထူးသဖြင့် လှော်ကားလမ်းကြီးသည် ယာဉ်လိုင်းပေါင်း ၆ လိုင်းက ယာဉ်စီးရေ ၄၀၀ ကျော်၊ လူစီးယာဉ် ၅၀၀ ကျော် အမြဲသွားလာနေပြီး ၂၄၊ ၂၅၊ ၁၁၊ ၁၉၊ ၂၀၊ ၇၀ ၊ ၇၁၊ ၁၀၄၊ ၁၀၅၊ ၁၀၆၊ ၁၀၇ ရပ်ကွက်များကို ထောက်လျှောက်ချိတ်တွဲထားသည့် လမ်းကြီးဖြစ်ပြီး အဓိကအသုံးပြုမည့် လမ်းမကြီး ဖြစ်ပါကြောင်း၊ လှော်ကားလမ်းမကြီးသည် နှစ်လမ်းသွားဖြစ်ပြီး လမ်းမကြီးကို ချဲ့ထွင်ပေးရန်အတွက်  လမ်းဆုံ ၄ နေရာဖြစ်သော လှော်ကားမှ ပြည်ထောင်စုလမ်းဆုံတွင် ၄၈ ပေ၊ ပေ ၅၀၀ လှော်ကားမြိတ်လမ်းတွင် ၄၈ ပေ၊ ပေ ၁၀၀၀၊ လှော်ကားမောင်းမကန်တွင် ၄၈ ပေ၊ ပေ ၁၀၀၀၊ လှော်ကားပုဂံတွင် ၄၈ ပေ၊ ပေ ၁၀၀၀၊ လှော်ကား ကျန်စစ်သားတွင် ၄၈ ပေ၊ ၁၀၀၀ ချဲ့ထားပြီး ဖြစ်ပါကြောင်း၊ ယင်းတို့ကို ချိတ်တွဲလိုက်ရုံဖြင့် လှော်ကားလမ်းမကြီးသည် ၄ လမ်းသွား ဖြစ်သွားမည်ဖြစ်ပါကြောင်း၊

ဒဂုံမြို့သစ်(တောင်ပိုင်း)နှင့် ဆက်ထားသော ဒဂုံမြို့သစ် (မြောက်ဘက်)အခြမ်းတွင် ၆ လမ်းသွားများ၊ ၄ လမ်းသွားများ အလျင်အမြန်တိုးချဲ့နေပါကြောင်း၊ ထို့ကြောင့် မြို့နယ်ပြည်သူလူထုသွားလာမှု လွယ်ကူစေရေး၊ ယာဉ်ကြောကြပ်တည်းမှုပြေလျေ့ာစေပြီး လမ်းပန်းဆက်သွယ်‌ရေး ပိုမိုကောင်းမွန်စေ ရေးနှင့် မြို့ရွာဖွံ့ဖြိုးတိုးတက်မှု အထောက်အကူပြုစေရန် ရည်ရွယ်ပြီး ပြည်ထောင်စုလမ်းမကြီး ရိုးမရိပ်သာရုံအမှတ်ရိပ်သာအထိ ပေရှည် ၁၉၉၀၈ ပေကို အကျယ် ၄၈ ပေရှိ ၄ လမ်းသွား ကားလမ်းမကြီးအဖြစ် တိုးချဲ့ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။