(က)-ရန်ကုန်၊နေပြည်တော်၊မန္တလေးအမြန်လမ်းမ ကြီးတွင်ယာဉ်မောင်းသူများနှင့် ခရီးသည်များအန္တ ရာယ်ကင်းရှင်းစွာမောင်းနှင်ရေးအ တွက်ဆောင် ရွက်ပေးရန်နှင့် မည်သို့ စီစဉ်ထားသည် ကို သိ လိုခြင်းနှင့် စပ်လျဉ်းသည့် မေးခွန်း
မေးခွန်း အကြောင်းအရာ
ရန်ကုန်-နေပြည်တော်-မန္တလေးအမြန်လမ်းမကြီးတွင် ယာဉ်အန္တရာယ်ကြောင့် အသက်ဆုံးရှုံးမှုများ မကြာခဏ ဖြစ်ပွားနေသည်ကို သိရှိနေရပါကြောင်း၊ သို့သော် ညဘက်ယာဉ်မောင်းသောအချိန်တွင် အလယ်ကျွန်းများ ကျယ်နေခြင်း၊ အလယ်ကျွန်းများတွင် အပင်များရှိနေခြင်းတို့ကြောင့် တစ်ဖက်ယာဉ်ကြောမှ မောင်းလာသောကားမီးများ အန္တရာယ်မှ သက်သာသည်ဟု ယာဉ်မောင်းသူများ ထံမှကြားသိရပါကြောင်း၊ အလယ်ကျွန်းတွင်ရှိသည့် အပင်များ၏ အနေအထားကို တင်ပြခြင်းဖြစ်ပါကြောင်း၊ ယခုအခါ ရန်ကုန်-နေပြည်တော် အမြန်လမ်းရှိ အလယ်ကျွန်းများကို တစ်ဖက် ၅ ပေခန့်ကျဉ်းကာ လမ်း ၁၀ ပေခန့် ချဲ့မည်ဟု သိရှိနေရပြီး အလယ်ကျွန်းရှိ အပင်များ ရှင်းလင်းနေသည်ကိုလည်း တွေ့မြင်နေရပါကြောင်း၊ အလယ်ကျွန်းသည် မူလက ၂၀ ပေခန့်ရှိပြီး ၁၀ ပေလျော့ပါက ၁၀ ပေခန့်သာ ကျန်ရှိမည်ဖြစ်သဖြင့် ညအခါ တစ်ဖက်ယာဉ်ကြောမှ ကားမီးများ အန္တရာယ်သည် တော်တော်ဝေးဝေးမှပင် သက်ရောက်မည်ဖြစ်ပြီး အကွေ့လမ်းများတွင် ယာဉ်အန္တရာယ် ပိုမိုရှိနိုင်မည် ဖြစ်ပါကြောင်း၊ ရန်ကုန်-နေပြည်တော်လမ်းတွင် တံတားများ ၁၄၀ စင်းခန့်ရှိရာ သုံးပုံနှစ်ပုံသာ သုံးလမ်းသွားတံတားများအဖြစ် ဆောက်လုပ်ပြီးဖြစ်သည်ကို တွေ့ရှိရပါကြောင်း၊ အလယ်ကျွန်းနေရာကို လမ်းအဖြစ်ချဲ့မည်ဆိုပါက တံတားများအားလုံးကို ပြုပြင်တည်ဆောက်ရန် လိုအပ်မည်ဖြစ်ပြီး မူလလမ်း၏ ဘေးလက်ယာဘက်ကိုသာ ချဲ့ဖောက်ပါက တံတားအားလုံး၏ သုံးပုံတစ်ပုံခန့်သာ ပြုပြင်တည်ဆောက်ရန် လိုမည်ဖြစ်ပါကြောင်း၊ အလယ်ကျွန်း အကျယ်ကို နဂိုအတိုင်းထားရှိသည့်အတွက် ယာဉ်အန္တရာယ်ပိုမို ကင်းရှင်းနိုင်မည်ဖြစ်ပြီး တံတားများ ပြုပြင်တည်ဆောက်ရမည့် အရေအတွက်လည်း နည်းသွားမည်ဖြစ်သဖြင့် နိုင်ငံတော်ဘဏ္ဍာငွေလည်း သက်သာမည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ရန်ကုန်-နေပြည်တော်-မန္တလေး အမြန်လမ်းမကြီးတွင် ယာဉ်မောင်းသူများနှင့် ခရီးသွားပြည်သူများ အန္တရာယ်ကင်းရှင်းစွာ သွားလာနိုင်ရေးအတွက် ဆောင်ရွက်ပေးနိုင်ပါရန်နှင့် မည်သို့စီစဉ်ထားသည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။