(ခ)-မူဆယ်မြို့မိုင်းယု(၁၀၅)မိုင်ကုန်စည်စစ်ဆေး ဂိတ်မှ မန့်ဝိန်း-ဂျယ်ကောင် နယ်ခြားစစ်ဆေးရေး ဂိတ်၏အောက်ဖက်တစ်နေရာသို့ဖောက်လုပ်သည့် မူဆယ်မြို့ရှောင်ကွင်းလမ်းကို ဖောက်လုပ်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း
ရှမ်းပြည်နယ်၊ မူဆယ်ခရိုင်၊ မူဆယ်မြို့သည် မြန်မာနိုင်ငံ၏ သွင်းကုန်/ထုတ်ကုန်များ အဓိက စီးဆင်းဝင်/ထွက်သည့် တံခါးပေါက်တစ်ခုဖြစ်ပါကြောင်း၊ တရုတ်နိုင်ငံကို ကုန်တင်ပို့ရာတွင် မူဆယ်မြို့ အထက်ဘက် ၇ မိုင်ခန့်ရှိ မိုင်းယု ၁၀၅ မိုင် ကုန်စည်စစ်ဆေးရေးဂိတ်၌ စိစစ်ခံပြီးသည့်နောက် မူဆယ်မြို့၏ အနောက်တောင်အရပ်မှ ရပ်ကွက်တစ်ခုအတွင်းရှိ မန့်ဝိန်း-ဂျယ်ကောင်နယ်ခြား စစ်ဆေးရေး ဂိတ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ တင်ပို့ရပါကြောင်း၊ ထို့အတူ ပြည်တွင်းသို့ ကုန်များတင်သွင်းပါကလည်း မန့်ဝိန်း-ဂျယ်ကောင်စစ်ဆေးရေး ဂိတ်မှတစ်ဆင့် မိမိတို့နိုင်ငံအတွင်း ဝင်ရောက်လာပြီး မူဆယ် မြို့ကို ဖြတ်သန်းကာ မိုင်းယု ၁၀၅ မိုင်ကုန်စည်စစ်ဆေးဂိတ်သို့ စစ်ဆေးခံရန် ဝင်ရပါကြောင်း၊ ယခုအခါ တိုးတက်မြင့်မားလာတဲ့ မြန်မာ-တရုတ်ကုန်သွယ်မှု အနေအထားကြောင့်လည်းကောင်း ကုန်စည် စစ်ဆေးသည့်ဂိတ်များတွင် ကုန်စည်များစစ်ဆေးခံရန် စောင့်ဆိုင်းရသည့် အချိန်ကြာမြင့်ခြင်းကြောင့် လည်းကောင်း၊ လအလိုက်စံနှုန်းကောက်ယူသည့် နှစ်ရှည်ယာဉ်များ ဖြတ်သန်းသွားလာမှု အမှတ်အသားကို သက်ဆိုင်ရာဌာနက လစဉ်လဆန်း ၇ ရက်နေ့များတွင် ကောက်ယူထားသည့် စံနှုန်းများ ဖြစ်သည်ကို သိရှိရပါကြောင်း၊
အထက်တွင်တင်ပြခဲ့သည့် ဖြစ်စဉ်များအရ မတန်တဆများပြားလာသည့် ယာဉ်သွားလာမှုများကြောင့် မူဆယ်မြို့၏ မြို့တွင်း/မြို့ပြင်များတွင် ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပေါ်လျက်ရှိခြင်း၊ မြန်မာ-တရုတ် နှစ်နိုင်ငံ၏ ဝင်/ထွက်တံခါးပေါက်များသည် မူဆယ်-နမ့်ခမ်းလမ်းမကြီးနှင့် ကပ်လျက်ရှိသဖြင့် ခရီးသွားပြည်သူများ အမြဲတစေကြပ်တည်းစွာ သွားလာနေရခြင်းစသည့် ပြည်သူများ၏ ကိုယ်စိတ် ပင်ပန်းဆင်းရဲမှုများ ကြုံတွေ့ခံစားနေရပါသောကြောင့် မူဆယ်မြို့တွင်း/မြို့ပြင်များတွင် နှစ်စဉ်နှင့် အမျှဖြစ်ပျက်နေသော လမ်းပိတ်ဆို့မှုများကို ဖြေရှင်းကျော်လွှား နိုင်စေရန်အတွက် မိုင်းယု ၁၀၅ မိုင် ကုန်စည်စီးဆင်းရေးဂိတ်မှ မန့်ဝိန်း-ဂျယ်ကောင် နယ်ခြားစစ်ဆေးရေးဂိတ်၏ အောက်ဘက်တစ်နေရာသို့ ဖောက်လုပ်သည့် မူဆယ်မြို့ရှောင်ကွင်းလမ်းကို သက်ဆိုင်ရာမှ ဖောက်လုပ်ပေးမည့် အစီအစဉ်ရှိ/မရှိ၊ ရှိပါကမည်သည့် အချိန်ကာလတွင် ဆောင်ရွက်ပေးနိုင်မည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။