(ဂ)-နန်းယွန်းမြို့နယ်၏ အဓိကဆက်သွယ်ရေး လမ်းကြောင်းဖြစ်သော ရှင်ဗွေယန်-နန်းယွန်း-ပန်ဆောင်လမ်းပိုင်းလီဒိုလမ်းမကြီးအားရာသီမရွေး သွားလာနိုင်သောလမ်းမကြီးအဖြစ်အဆင့်မြှင့်တင် ရန်အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း
မေးခွန်း အကြောင်းအရာ
နန်းယွန်းမြို့နယ်သည် စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်အတွင်း တည်ရှိသည့် လမ်းပန်းဆက်သွယ်ရေး အရ နန်းယွန်းမြို့နယ်၏ အဓိကအသက်သွေးကြောသည် စတီးဝေး လမ်းမကြီးအဖြစ် ထင်ရှားသည့် လီဒိုလမ်းမကြီးဖြစ်ပါကြောင်း၊ နန်းယွန်းမြို့နယ်၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ ဒေသဖွံ့ဖြိုးရေးများအတွက် ကုန်ပစ္စည်းများ၊ ရိက္ခာများကို သယ်ယူရာတွင်လည်း ၎င်း လမ်းကို အသုံးပြုရခြင်း ဖြစ်ပါကြောင်း၊ ယခုအချိန်တွင် မိုးများသည့်အတွက် လမ်း၊ တံတားပျက်ဆီးမှု၊ မြေပြိုမှုများပြီး ဒေသခံပြည်သူလူထုများ၊ နိုင်ငံ့ဝန်ထမ်းများ နှစ်စဉ်နှစ်တိုင်း ခရီးသွားလာမှု အခက်အခဲများကို ကြုံတွေ့ကြရပါကြောင်း၊ ရှင်ဗွေယန်မှ ပန်ဆောင်အထိ မိုင် ၇၀ ခန့်သာရှိသော်လည်း အကြောင်းအမျိုးမျိုးကြောင့် ယနေ့အချိန်အထိ ရာသီမရွေးသွားလာနိုင်သည့် ကားလမ်း ဖြစ်မလာသေးပါကြောင်း၊
လမ်းဦးစီးဌာနကလည်း မိုးကုန်ချိန် နိုဝင်ဘာလတွင် လမ်းပြုပြင်ရခြင်းကြောင့် ကားများသွားလာ လို့ရသည့် အချိန်က ပွင့်လင်းရာသီဖြစ်သည့် ဒီဇင်ဘာလမှ ဖေဖော်ဝါရီလအထိ သုံးလဖြစ်ပါကြောင်း၊ ဒေသဖွံ့ဖြိုးရေးအတွက် ကားများနှင့်ကုန်ပစ္စည်းများ သယ်ယူကြရပါကြောင်း၊ ၎င်းလမ်းမကြီးကို အဆင့်မြှင့်တင် ဆောင်ရွက်ပေးမည်ဆိုပါက အိန္ဒိယနိုင်ငံကို တိုက်ရိုက်ဆက်သွယ်နိုင်ပြီး ကုန်စည် ကူးသန်းရောင်း ဝယ်နိုင်မည်ဖြစ်သည့်အတွက် ဒေသခံပြည်သူများနှင့် နိုင်ငံတော်အတွက်လည်း များစွာ အကျိုးဖြစ်ထွန်း စေမည်ဖြစ်ပါကြောင်း၊ ရှင်ဗွေယန်-နန်းယွန်းလမ်းအပိုင်းနှင့် စပ်လျဉ်းပြီးလည်း ၃၀-၁၁-၂၀၁၃ ပထမအကြိမ် ပြည်သူ့လွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေးတွင် သက်ဆိုင်ရာဝန်ကြီးဌာနက ဖြေကြားရာတွင် ၂၀၁၃-၁၄ ဘဏ္ဍာနှစ်နှင့် ၂၀၁၄-၁၅ ဘဏ္ဍာနှစ်တွင် ပြည်ထောင်စုငွေလုံးငွေရင်းနှင့် ဆောင်ရွက်မှုကို ဖြေကြားခဲ့ပြီး ၂၀၁၅-၁၆ ဘဏ္ဍာနှစ်တွင် တိုင်းဒေသကြီး ရန်ပုံငွေ ၈၈၅.၅ သန်း လျာထားတင်ပြ တောင်းခံထားကြောင်းသိရပါသည်။ ၂၀၁၅-၁၆ ဘဏ္ဍာနှစ်တွင် တိုင်းဒေသကြီး ရန်ပုံငွေကျပ် ၄၀၄.၅ သန်း လျာထားသည့်အတွက် ၃၁-၁၂-၂၀၁၅ ရက်မတိုင်မီ မပြီးနိုင်သည့်အတွက် ကတိကဝပ်စာရင်းက ပယ်ဖျက်ပေးရန် တင်ပြလာပါကြောင်း၊ ၁၉-၁၁-၂၀၁၄ ရက်စွဲပါစာအမှတ် လဆမ/ BOT/ နန်းယွန်း-ပန်ဆောင်/၂၀၁၄ -၁၅ (၁၅၄၅) ဦးဆောင်ညွှန်ကြားရေးမှူး ပြည်သူ့ဆောက်လုပ်ရေး၏ ရည်ညွှန်းချက်တွင် မြောက်ပိုင်းတော်ဝင်၊ ကျောက်စိမ်းကုမ္ပဏီ၏ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ထိန်ချုံးတွင်ရှိသည့် ထိန်ပင်လမ်းဖောက်လုပ်ရေး ကုမ္ပဏီတို့ပူးပေါင်းပြီးမှ နန်းယွန်မှပန်ဆောင်အထိ ၂၂၈ မိုင်ကို ၆ နှစ် စီမံကိန်းအကောင်အထည်ဖော် ဆောင်ရွက်ရန် တင်ပြလာမှုကို ပြည်ထောင်စုအစိုးရ အဖွဲ့အနေဖြင့် ဆောက်လုပ်ရေးဝန်ကြီးဌာနဆီ သဘောထားတင်ပြရန် အကြောင်းကြားခြင်းနှင့်အညီ ဆောက်လုပ်ရေးဝန်ကြီးဌာနမှလည်း တင်ပြချက်ကိုစိစစ်ပြီး စည်းမျဉ်းနှင့် ကိုက်ညီမှုရှိခြင်းကြောင့် ၁၉-၁၁-၂၀၁၄ ရက် နေ့တွင် BOT စနစ်ဆောင်ရွက်ခွင့်ပြုခဲ့သည်ကို သိရှိရပါကြောင်း၊ သို့သော်လည်း ယနေ့အချိန်အထိ နန်းယွန်း-ပန်ဆောင်လမ်းအပိုင်းကို တစ်စုံတစ်ရာ အကောင်အထည်ဖော် လုပ်ဆောင်ခြင်း မတွေ့ရသဖြင့် ဒေသခံပြည်သူလူထုများကိုယ်စား သိရှိလိုပါကြောင်း မေးမြန်းပါသည်။