(ဃ)-လှိုင်မြို့နယ်၊အမှတ်(၂)နှင့်အမှတ်(၃)ရပ်ကွက် ရှိ မီးလောင်မြေပြန်လည်စည်ပင်ရေး စီမံချက်အရ တည်ဆောက်ခဲ့သော အဆောက်အဦများသည် အန္တရာယ်ရှိ အဆောက်အအုံအဖြစ် သတ်မှတ် ခံထားရ၍ အမြန်ဆုံးပြန်လည် တည်ဆောက်ရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း

2020-12-16

၁၄-၁-၁၉၈၉ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ် အမှတ်(၂)နှင့် အမှတ်(၃) ရပ်ကွက်တွင် အိမ်ခြေ ၃၇၀ မီးလောင်ခံခဲ့ရပါကြောင်း၊ မီးလောင်ခံခဲ့ရသည့် မြေပေါ်တွင် မြို့ရွာနှင်‌့အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနက ခြောက်ခန်းတွဲ နှစ်ထပ်တိုက်ဆောက်လုပ်ပြီး မီးဘေးသင့်ပြည်သူများကို အပေါ်ထပ်တွင် ပြည်လည်နေရာချပြီး မြေညီထပ်များကို ဝန်ထမ်းများအား ရောင်းချပေးခဲ့ပါကြောင်း၊ ထိုစဉ်က ၁၂ ပေ x ၄၅ ပေ ခြောက်ခန်းတွဲ နှစ်ထပ်တိုက်တစ်လုံး ကျပ်ငွေတစ်သိန်းခန့်ဖြင့် ကန်ထရိုက်စနစ်နှင့် ဆောက်လုပ်ခဲ့သည့်အတွက် အရည်အသွေး ညံ့ဖျင်းပြီး  ရေမြောင်းစနစ်၊ မိလ္လာစနစ်များလည်း ကောင်းမွန်ခဲ့ခြင်းမရှိခဲ့ပါကြောင်း၊ အဆိုပါ တိုက်အမျိုးအစားများက အမှတ်(၃)ရပ်ကွက်တွင် ၄၃ လုံးရှိပြီး အမှတ်(၂) ရပ်ကွက်တွင် အလုံး ၃၀ ခန့်ရှိပါကြောင်း၊ ၂၀၁၂ ခုနှစ်တွင် အမှတ် (၃) ရပ်ကွက် (၁၀) လမ်း၊ တိုက်(၂၉)၊ အခန်း(၁)တွင် မီးဖိုချောင် ပြိုကျခဲ့သည့်အတွက် မြို့တော်စည်ပင်သာယာနှင့် စစ်ဆေးရေးအဖွဲ့မှ လာရောက်စစ်ဆေးခဲ့ပြီး ၁၆-၁-၂၀၁၃ ရက်နေ့တွင် ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီ အဆောက်အဦအင်ဂျင်နီယာဌာနက အန္တရာယ်ရှိ လူနေထိုင်ရန်မသင့်သည့် အန္တရာယ်ရှိအဆောက်အဦအဖြစ် ဆိုင်းဘုတ်တင်ခဲ့ပါကြောင်း၊ ယခုအခါတွင်လည်း အဆောက်အဦအများစု ကြံ့ခိုင်မှုမရှိဘဲ ယိုယွင်းပျက်စီးပြီး ရေနှင့်မိလ္လာများကလည်း တိုက်ခန်းများအတွင်းသို့ စီးဝင်လျက်ရှိပါကြောင်း၊ တိုက်ခန်းနေပြည်သူများအတွက် နေစရာအဆောက်အဦကလည်းမရှိ၊ လက်ရှိနေထိုင်သည့် အဆောက်အဦကလည်း အန္တရာယ်ရှိအဆောက်အဦများ ဖြစ်နေသည့်အတွက် ကန်ထရိုက်စနစ်ဖြင့် ပြန်လည်တည်ဆောက်ရန် ခွင့်ပြုချက်တောင်းခံရာတွင် ၂၅-၁၀-၂၀၁၃ ရက်စွဲဖြင့် စည်ပင်သာယာနှင့် မသက်ဆိုင်ကြောင်း၊ အိုးအိမ်ဦးစီးဌာနက ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း အကြောင်းပြန်ခဲ့ပါသည်။ အိုးအိမ်က ယခုလက်ရှိအချိန်ထိ မည်သည့်အရာမှ ဆောင်ရွက်ပေးထားခြင်း မရှိသေးပါကြောင်း၊

အမှတ်(၂)ရပ်ကွက်၊ အမှတ်(၃)ရပ်ကွက်က တိုက်ခန်းများဖြစ်ပါကြောင်း၊ တိုက်ခန်းအရည်အသွေး ညံ့ဖျင်းသည့်အတွက် တော်တော်လေး ယိုယွင်းပျက်စီးနေပါကြောင်း၊ လူနေထိုင်ရန်မသင့် အန္တရာယ်ရှိ အဆောက်အဦအဖြစ် သတ်မှတ်ချိတ်ဆွဲထားသည့် ဆိုင်းဘုတ်ဖြစ်ပါကြောင်း၊ ၂၀၁၂ ခုနှစ်ကတည်းက ချိတ်ဆွဲထားသည်မှာ ယခုစာတောင်မမြင်ရတော့ပါကြောင်း၊           

ထို့ကြောင့် ရေမြောင်းစနစ်၊ မိလ္လာစနစ်၊ ကားပါကင်၊ ကစားကွင်း၊ ပန်းခြံစသည့် Town Plan များရေးဆွဲပြီး အဆင့်မြင့်ကွန်ဒိုများနှင့် တည်ဆောက်မည်ဆိုပါက မြို့တော်လည်း သန့်ရှင်းသာယာလှပမည်၊ နိုင်ငံတော်အတွက်လည်း အကျိုးရှိမည်၊ နေထိုင်မည့် ပြည်သူများအတွက်လည်း ကိုယ်စိတ်နှစ်ပါး ချမ်းသာမည် ဖြစ်သည့်အတွက် ပြန်လည်တည်ဆောက်ရန် အစီအစဉ်ရှိ/မရှိသိရှိလိုပါကြောင်း မေးမြန်းပါသည်။