(ဃ)-ပေါက်တော၊စစ်တွေသို့မဟုတ်ပေါက်တော၊ ပုဏ္ဏားကျွန်းကိုဖြတ်၍မဟာဗျူဟာမြောက်၊ကစ္ဆပနဒီ (ကုလားတန်) မြစ်ကူးတံတား တည်ဆောက်မည့် အစီအစဉ် မည်သို့ရှိသည်ကို သိရှိလိုခြင်း နှင့် စပ် လျဉ်းသည့် မေးခွန်း
မေးခွန်း အကြောင်းအရာ
ပေါက်တော-စစ်တွေ သို့မဟုတ် ပေါက်တော-ပုဏ္ဏားကျွန်းမြို့များ ကိုဖြတ်၍ကစ္ဆပနဒီမြစ် (ကုလားတန်မြစ်) မြစ်ကူးတံတား သစ်တည်ဆောက်မည့်အစီအစဉ် မည်သည့် အဆင့်သို့ရောက်ရှိပြီဆိုသည် ကိုသိရှိလို၍ မေးမြန်းခြင်းဖြစ်ပါကြောင်း၊ ယခုမေးခွန်းနှင့် စပ်လျဉ်း၍ ပထမအကြိမ် အမျိုးသားလွှတ်တော် (၁၂)ကြိမ်မြောက်ပုံမှန်အစည်းအဝေးတွင် လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ အေးမောင်၏ မေးမြန်းချက်ကို ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးတင့်က ပြန်လည်ဖြေဆိုထားရာတွင် အဆိုပါစီမံကိုန်းကို ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်တွင် တည်ဆောက်ရန်လျာျထားသော်လည်း ဆောင်ရွက်နိုင်ခြင်းမရှိသည့်အတွက် ၂၀၁၆-၂၀၁၇ ခုနှစ်တွင် စတင်၍ ရန်ပုံငွေလျာထားဆောင်ရွက်ရန် စီစဉ်ထားသည့်အပြင် ပြည်ပအကူအညီရရှိပါကလည်း အမြန်ဆုံးဖြစ်အောင် ဆောင်ရွက်ပါမည်ဟု ဖြေကြားထားပါကြောင်း၊
ဆောက်လုပ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးကျော်လင်း စစ်တွေသို့ ရောက်ရှိနေစဉ်ကာလ ၁-၆-၂၀၁၆ ရက်နေ့တွင် သတင်းစာသမားများမှ မေးမြန်းမှုကို မြန်မာ့အလင်းသတင်းစာက တစ်ဆင့်ဖတ်ရှုရာတွင် အိန္ဒိယအစိုးရက ကမ်းလှမ်းလာသည့် အစီအစဉ်တစ်ခုရှိပါကြောင်း၊ ၎င်းမှာ ပုဏ္ဏားကျွန်းမှ မင်းပြားသို့ ကစ္ဆပနဒီမြစ်ကိုဖြတ်၍ တံတားထိုးရန်အတွက် လမ်းအူကြောင်းသုံးကြောင်း ကာကွယ်ထားကြောင်းနှင့် ၎င်းလမ်းအူကြောင်းသုံးကြောင်းအနက် တစ်ခုခုပေါ်တွင် ကစ္ဆပနဒီတံတား သစ်တည်ဆောက်သွားမည်ဖြစ်ကြောင်း၊ ငါးနှစ်စီမံကိန်းကာလအတွင်း စီစဉ်ဆောင်ရွက်သွား မည်ဖြစ် ကြောင်းကို သိရှိရသည့်အတွက်ပေါက်တော-စစ်တွေ သို့မဟုတ် ပေါက်တော-ပုဏ္ဏားကျွန်းကိုဖြတ်၍ မဟာဗျူဟာမြောက် ကစ္ဆပနဒီ (ကုလားတန်)မြစ်ကူး တံတားတည်ဆောက်မည့်အစီအစဉ်မည်သို့ရှိသည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။