(က)-နယ်စပ်ဒေသများ၌တိုက်ပွဲများဖြစ်ခြင်းကြောင့် စစ်ရှောင် ဒုက္ခသည်များ အတွက် မည်သို့ ဆောင် ရွက်နေသည်နှင့်တိုက်ပွဲများဖြစ်နေကြသော နှစ်ဖက် လက်နက်ကိုင်အဖွဲ့အကြီးအကဲများထံသို့ညှိနှိုင်းဖြေ ရှင်းပေးရန်အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း
မေးခွန်း အကြောင်းအရာ
နယ်စပ်ရေးရာဝန်ကြီးဌာန သည် တစ်ဖက်တစ်လမ်းမှ တိုင်းရင်းသားလူမျိုးများ၏ စာပေ၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းများ ဖွံ့ဖြိုး တိုးတက်မှုကို ကူညီပံ့ပိုးပေးရန်၊ တိုင်းရင်းသားလူမျိုးများအချင်းချင်း ရင်းနှီးမှု ပိုမိုခိုင်မြဲစေရန်၊ တိုင်းရင်းသားနယ်စပ်ဒေသများ၌ မူးယစ်ဆေးဝါးစိုက်ပျိုးမှု ချုပ်ငြိမ်းစေရန် သက်ဆိုင်ရာအဖွဲ့အစည်း များနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ နယ်စပ်ဒေသ၏ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် နယ်မြေ အေးချမ်းသာယာရေးတို့ကို ထိန်းသိမ်းရန်၊ ၎င်းအပြင် ဝန်ကြီး ဌာနသည် နယ်စပ်ဒေသတိုင်းရင်းသား လူမျိုးများ၏ ကြုံတွေ့ခံစားနေရသည့် ဒုက္ခပြဿနာများ ကိုလည်း အတတ်နိုင်ဆုံးပါဝင်ကူညီဖြေရှင်း ပေးရန် စသည့်တာဝန်များ ရှိသည်ကို သိရှိရပါကြောင်း၊ ထို့ကြောင့် (၁) နယ်စပ်ဒေသတိုင်းရင်းသားလူမျိုးများ နေထိုင်ရာဒေသများ၌ ယနေ့ထက်ထိတိုင် တိုက်ပွဲများဖြစ်ပွားနေဆဲ၊ ယင်းတိုက်ပွဲကြောင့် တိမ်းရှောင်ထွက်ပြေးနေကြရသည့် စစ်ရှောင်ဒုက္ခသည် များအတွက် မည်ကဲ့သို့ ပံ့ပိုးကူညီဆောင်ရွက်နေသည်ကိုလည်းကောင်း၊ (၂) နယ်စပ်ဒေသ တိုင်းရင်း သား လူမျိုးများနေထိုင်ရာဒေသများ၌ နှစ်ဖက်လက်ကိုင်အဖွဲ့များ မကြာခဏ တိုက်ပွဲများသာ ဖြစ်နေကြခြင်းကြောင့် မိမိဝန်ကြီးဌာန၏ စီမံကိန်းလုပ်ငန်းများအားလုပ်ဆောင်ရန် အဟန့်အတားများ ဖြစ်နေခြင်းအပေါ် ဝန်ကြီးတို့အနေဖြင့် နှစ်ဖက်လက်နက်ကိုင်အဖွဲ့အကြီးအကဲများ ထံသို့သွား၍ ညှိနှိုင်းခြင်းမျိုး ဆောင်ရွက်ရန်အစီအစဉ်ရှိ/မရှိ နှင့် အစီအစဉ် မရှိပါက မည်သည့်အတွက် ကြောင့်ဆိုသည်ကို သိရှိလိုပါကြောင်းမေးမြန်းပါသည်။