(ဂ)-လက်ပံတောင်းတောင်ကြေးနီစီမံကိန်းဆောင် ရွက်ရာတွင် တောင်သူများ၏ စိုက်ပျိုးမြေ များကို သိမ်းယူခြင်း၊ ကျေးရွာရွှေ့ပြောင်း ပေးရခြင်းတို့ကို ဆက်လက်မဖြစ်ပေါ်စေရန်တားမြစ်ပေးမည့်အစီ အစဉ် ရှိ၊ မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

2020-12-16

မေးခွန်းတင်သွင်းရသည့် ရည်ရွယ်ချက်များမှ (၁) စုံစမ်းစစ်ဆေးရေးကော်မရှင်၏ အပြီးသတ် အစီရင်ခံစာပါ အကြံပြုချက်များနှင့်အညီ သက်ဆိုင်ရာတာဝန်ရှိသူတို့မှ တိကျသေချာစွာလိုက်နာ၍ အကောင်အထည်ဖော် ဆောင်ရွက်ပေးခြင်းဖြင့် ဒေသခံပြည်သူများနှင့် ဝမ်ပန်ကုမ္ပဏီတို့ကြား ဖြစ်ပေါ်နေသော သီးနှံလျော်ကြေးအစရှိသည့်ပြဿနာများ ပြေလည်ချုပ်ငြိမ်းသွားပြီး ပြည်သူလူထုနှင့် အနာဂတ် မျိုးဆက်သစ်တို့အကျိုးရှိအောင် ရေရှည်ဆောင်ရွက်နိုင်ရန်၊ (၂) လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမှ ကြေးနီသတ္တုဖျော်ရည်ကန်များ Three Stage Cell နှင့် ဆက်စပ်သော စက်ရုံ၊ အလုပ်ရုံများအတွက် စိုက်ပျိုးမြေဧက ၇၈၆၃.၇၈ သိမ်းယူခြင်းနှင့် ကျေးရွာလေးရွာ ပြောင်းရွှေ့ ရခြင်းသည် အဓိကပြဿနာဖြစ်ရာ မြေလွတ်မြေရိုင်းများတွင် လုပ်ငန်းဆောင်ရွက်ခြင်းဖြင့် အဆိုပါပြဿနာများပြေလည်သွားပြီး မိုင်းလုပ်သည့်အတွက် မြေအလုံအလောက်နေရာရရှိစေရန်၊  (၃) တစ်စိတ်တစ်ပိုင်းဟင်းလင်းပွင့်သတ္တုတူးဖော်နည်း (Semi Open-pit Method)ကိုကျင့်သုံး၍ ဖော်ပြပါ သဘာဝအလှရှုခင်းများနှင့်မြင်ကွင်းများ (Aesthetic Value) ပျောက်ကွယ်သွားမည် မဟုတ်ဘဲ အက်ဆစ်မှုန်များ၊ အသံဆူညံမှုများဖြစ်ပေါ် လာသော ပတ်ဝန်းကျင်ထိခိုက်လာမှု လျော့နည်းသွား စေရန်တို့ ဖြစ်ပါကြောင်း၊

လက်ပံတောင်းတောင်တွင် တောင်စဉ်ပေါင်း ၃၃ လုံးရှိပါကြောင်း၊ လက်ပံတောင်းတောင်ဒေသ၏ ဒေသခံများ သည် နေကြာခင်းအပြင် စပါးခင်း၊ ဂျုံ၊ ပြောင်း၊ ပဲနှမ်း ၊ကုလားပဲ အပါအဝင် အားလုံး သည် ကျေးရွာထွက်တာများဖြစ်ပါကြောင်း၊ မိမိသိလိုသည်မှာ လက်ပံတောင်းတောင်ကြေးနီစီမံကိန်း ဆောင်ရွက်ရာတွင် တောင်သူများ၏ စိုက်ပျိုးမြေများကို သိမ်းယူခြင်း၊ ကျေးရွာရွှေ့ပြောင်းပေးရခြင်းတို့ မဖြစ်ပေါ်စေရန် တားမြစ်ပေးမည့် အစီအစဉ်ရှိ/မရှိနှင့် စုံစမ်းစစ်ဆေးရေးကော်မရှင်၏ အပြီးသတ် အစီရင်ခံစာပါ အကြံပြုချက်များအတိုင်း ကုမ္ပဏီများမှ လိုက်နာဆောင်ရွက်စေရေးနှင့် တစ်စိတ် တစ်ပိုင်း ဟင်းလင်းပွင့်စနစ်ကျင့်သုံးရန် ရှိ/မရှိကိုသိလို ပါကြောင်းဖြစ်မေးမြန်းပါသည်။