(ဃ)-ဥတ္တရသီရိမြို့နယ်အတွင်းဒေသခံပြည်သူများ အမှန်တကယ်နေထိုင်လုပ်ကိုင်စားသောက်နေသော ကျေးရွာများ၊ လယ်မြေများနှင့် ယာမြေများကို သစ်တောမြေအဖြစ်မှပယ်ဖျက်ပေးရန်အစီအစဉ်ရှိ /မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း
ဥတ္တရသီရိမြို့နယ်သည် ရပ်ကွက်နှစ်ခု၊ ကျေးရွာအုပ်စုရှစ်ခုဖြင့် လူဦးရေ ၅၈၀၀၀ ကျော်နေထိုင်သည့် နေပြည်တော်အတွင်းရှိ မြို့နယ်တစ်မြို့နယ် ဖြစ်ပါကြောင်း၊ ရပ်ကွက်နှစ်ခုအတွင်း နေထိုင်သည့် လူဦးရေမှာ ၉၀၀၀ ကျော်သာနေထိုင်ခြင်းဖြစ်ပြီး အများစုနေထိုင်သည့် လူဦးရေ ၄၉၀၀၀ ကျော်က ကျေးရွာများတွင် နေထိုင်ကြခြင်းဖြစ်ပါကြောင်း၊ အများစုမှာ နှစ်ပေါင်းများစွာ နေထိုင်လာကြသည့် ဒေသခံတောင်သူ လယ်သမားများဖြစ်ကြပါကြောင်း၊ ပဲခူးရိုးမအစပ်နှင့် အလွန်နီးကပ်သည့် ကျေးရွာများဖြစ်သည့် အလျောက် လုပ်ကိုင်စားသောက်ကြသော လယ်မြေ၊ ယာမြေနှင့်ဥယျာဉ်ခြံမြေများသည် ယနေ့အထိ သစ်တောမြေအဖြစ် သတ်မှတ်ခံနေရပါကြောင်း၊ တောင်သူအများစုဖြစ်သည့် ကျေးရွာနေပြည်သူလူထုက လယ်မြေများအတွက် အခွန်အခများကို အများနည်းတူပေးဆောင် ခဲ့သူများဖြစ်ပါကြောင်း၊ ယနေ့အချိန်အထိ နေပြည်တော် တည်ဆောက်ရေးတွင် လိုအပ်သည့်နေရာများကိုသာ ကြိုးလှန်ပေးသွားပြီး ပြည်သူများ၏ လယ်ယာမြေများကို ကြိုးပြင်အဖြစ် ပလပ်ပေးရန် ဆောင်ရွက်ပေးခဲ့ခြင်း ဖြစ်ပါကြောင်း၊ လယ်မြေများကို ကြိုးဝိုင်းအဖြစ်မှ ပယ်ဖျက်ပေးရေးနှင့် ပုံစံ(၇)ရရှိရေးတို့ကို အဓိကတောင်းဆိုကြသည်ကိုတွေ့ရှိရပါကြောင်း၊
ဥတ္တရသီရိမြို့နယ်ရှိ ဥတ္တရသီရိရပ်ကွက်၊ ဝန်ကြီးရုံးများအပါအဝင် ရွှေနံ့သာရပ်ကွက်မှလွဲ၍ ကျန်နေရာအားလုံးက သစ်တောမြေများ ဖြစ်နေပါကြောင်း၊ ဒေသခံလူထုနှင့်တွေ့သည့် အချိန်တွင်လည်း သစ်တောအတွင်းမှ ပယ်ဖျက်၍ ပုံစံ(၇)ရရှိရန် အကြိမ်ကြိမ်တောင်းဆိုကြပါကြောင်း၊ ကြိုးဝိုင်းအနေဖြင့် တောင်သူကြိုးဝိုင်း၊ ကိုင်းကြိုးဝိုင်းနှင့် ငလိုက်ကြိုးဝိုင်း၊ ကြိုးဝိုင်းသုံးခုအတွင်း ၂၀၁၆ ခုနှစ် ၅ လပိုင်းခန့်က ခရိုင်သစ်တောတာဝန်ရှိသူများနှင့် သွားရောက်တွေ့ဆုံသည့်အခါ ငလိုက်ကြိုးဝိုင်းထဲမှ ရွာ ၁၁ ရွာကို ကြိုးလှန်ပေးနိုင်ရန် စာရင်းလိုက်ကောက်သည့်အချိန်တွင် ရွာ ၁၁ ရွာနှင့်အတူပါသည့် လယ်မြေမှာ အလွန်နည်းပါးနေသည်ကို တွေ့ရှိရပါကြောင်း၊ နေပြည်တော်ကောင်စီ မှတစ်ဆင့် မေးမြန်းသည့်အခါတွင် သစ်တောဌာနက ပြန်လည်ဖြေပေးသည့်စာရင်းအရ မိုးစွေအုပ်စု ခုနစ်ရွာ၊ သစ်တောအုပ်စု တစ်ရွာနှင့် မင်းကုန်းအုပ်စု သုံးရွာ စုစုပေါင်း ၁၁ ရွာနှင့်ဆက်စပ် လယ်မြေဧက ၆၀၀ ကျော် ကြိုးလှန်မည်ဟု သိရှိရပါကြောင်း၊ သို့သော် မြို့နယ်အတွင်းရှိသည့် ၄၉ ရွာအနက် ၁၁ ရွာကြိုးလှန်မည်ဖြစ်သည့်အတွက် ၃၈ ရွာ၏ ပြည်ထဲရေးအမည်ပေါက် ရွာငါးရွာမှာရှိသည့် လယ်အများစုက သစ်တောထဲတွင်သာရှိပါကြောင်း၊
မိမိမြို့နယ်အတွက် စိုက်ပျိုးဧရိယာကို လေ့လာကြည့်သည့်အချိန်တွင် လယ်စိုက်ပျိုးဧရိယာက ၁၁၁၇၈ ဧကရှိပါကြောင်း၊ သစ်တောမြေအဖြစ် သတ်မှတ်ခံနေရပြီး ဒေသခံပြည်သူများ အမှန်ကတယ်လုပ်ကိုင် စားသောက်နေသော ကျေးရွာများ၊ လယ်မြေများ၊ ယာမြေများကို တိကျမှန်ကန်စွာ ကွင်းဆင်းစစ်ဆေးပြီး သစ်တောမြေအဖြစ်မှ ပယ်ဖျက်ပေးရန်အစီအစဉ်ရှိ/မရှိနှင့် အစီအစဉ်ရှိပါက မည်သည့်အချိန်တွင် အမြန်ဆုံးဆောင်ရွက်ပေးနိုင်မည်၊ မရှိပါကမည်သည့်အတွက်ကြောင့် မရှိသည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။