(ခ)-မြက်နီကွင်းကျေးရွာအုပ်စု၊လှေဆွဲမြောင်း၊ချောင်း ကျိုး၊မငြိမ်းစုကျေးရွာများနှင့်ရေအိုးစဉ်ကျေးရွာအုပ်စု ရှိသောင်ပု၊သောင်တန်းကျေးရွာတို့တွင်စစ်တောင်းမြစ် ကမ်းပါးပြိုကျမှုအတွက်ကာကွယ်မှုပြုလုပ်ပေးပါရန် အစီအစဉ် ရှိ/မရှိနှင့်စပ်လျဉ်း သည့်မေးခွန်း

2020-12-16

အုတ်တွင်မြို့နယ်၊ မြက်နီကွင်းကျေးရွာအုပ်စုရှိ လှေဆွဲမြောင်းကျေးရွာ၊ ချောင်းကျိုးကျေးရွာ၊ မငြိမ်းစု ကျေးရွာများနှင့် ရေအိုးစဉ်ကျေးရွာအုပ်စုရှိ သောင်ပု၊ သောင်တန်းကျေးရွာတို့သည် စစ်တောင်း မြစ်ကမ်းအနီးတွင် တစ်ဆက်တည်းတည်ရှိကြပြီး လွန်ခဲ့သော ၁၅ နှစ်ခန့်မှစ၍ စစ်တောင်းမြစ် ကမ်းပါးပြိုကျမှုကြောင့် ဘုန်းတော်ကြီးကျောင်းများ၊ အခြေခံမူလတန်းလွန်ကျောင်းများနှင့် လူနေ အိမ်ခြေများသည် အခြားမြေနေရာများသို့ ပြောင်းရွှေ့ရခြင်း ဒုက္ခများကို နှစ်စဉ်မပြတ် တစ်ပြိုင်နက် ခံစားနေခဲ့ရပါကြောင်း၊ ထိုသို့ပြောင်းရွှေ့ရာတွင်လည်း ပြောင်းရွှေ့ရသည့် အဆောက်အဦများသည် ရေနက်သို့သာ ပြောင်းရွှေ့နေထိုင်ရပြီး စစ်တောင်းမြစ် ရေကြီးချိန်တွင် ရေဘေးဒုက္ခနှင့် ရင်ဆိုင်ရသည့်အပြင် အင်းအတွင်းသို့ မြစ်ကျိုးကျမည့် အခြေအနေနှင့် ရင်ဆိုင်ကြုံတွေ့လာနိုင် ဖွယ်ရှိခြင်း၊ ခြံများကိုနောက်ဆုတ်၍ အိမ်ပြန်ဆောက်ရသည့်အတွက် မိမိတို့လုပ်ကိုင်နေသော လယ်ယာမြေများ ဆုံးရှုံးရခြင်း၊ ဆက်လက်မြေပြိုကျနေပါက ပြောင်းရွှေ့နေရမည့် အိမ်/ခြံမြေ မရှိခြင်းတို့ကြောင့် ပြေးစရာမြေမရှိတော့သည့် အခြေအနေသို့ ရောက်ရှိနေပါကြောင်း၊ အိမ်ထောင်စု ၃၀၀ ခန့်ရှိသည့် လှေဆွဲမြောင်းကျေးရွာတွင် အိမ်ထောင်စု ၉၅ အိမ်၊ အိမ်ခြေပေါင်း ၇၀ ရှိသည့် ချောင်းကျိုးကျေးရွာတွင် အိမ်ခြေ ၂၀၊ အိမ်ထောင်စု ၅၀ ခန့်ရှိသည့် မငြိမ်းစုကျေးရွာတွင် အိမ်ခြေ ၁၅ အိမ်နှင့် အိမ်ခြေပေါင်း ၃၂၅ အိမ်ရှိသော သောင်ပု၊ သောင်တန်းကျေးရွာ နှစ်ရွာတွင် အိမ်ခြေပေါင်း ၁၅၀ ခန့်တို့သည် အခြားမြေနေရာများသို့ ဆုတ်ခွာ၍ အသစ်ပြန်လည် ဆောက်လုပ်နေခဲ့ရခြင်းဖြင့် ငွေကြေးများလည်းများစွာ ကုန်ကျပြီး လူမှုဒုက္ခပေါင်းစုံကိုလည်း ရင်ဆိုင်ခဲ့ကြရပါကြောင်း၊ လက်ရှိ မြစ်ကမ်းပါးနှင့် နီးစပ်သောနေရာများတွင် နေထိုင်သူများအနေဖြင့်လည်း ညအချိန်မတော် ရေတိုက်စားမှုကြောင့် ကမ်းပါးပြိုကျပါက အသက်အန္တရာယ်ပါ ထိခိုက်နိုင်သောကြောင့် သေနတ်မကြောက်၊ ကမ်းပါးကြောက်နေရသည်ဟု ပြောဆိုနေမှုများကိုလည်း ကြားသိခဲ့ရပါကြောင်း၊ ကမ်းပါးပြိုကျခြင်း၊ မြစ်ရေကြီးပြီး ကမ်းပါးများကို တိုက်စားခြင်း ဖြစ်တာကြောင့် ကြိုတင်မမျှော်မှန်း နိုင်သော သဘာဝအန္တရာယ်မျိုးလည်း ဖြစ်ပါကြောင်း၊

ကမ်းပါးပြိုကျခြင်း မှတ်တမ်းဓာတ်ပုံများပါဝင်ပါကြောင်း၊ လက်ရှိအခြေအနေတွင်လည်း ကြိုတင်ကာကွယ်မှုများ မပြုလုပ်နိုင်ပါက ပြေးစရာမြေလည်း မရှိတော့သည့်အတွက် စစ်တောင်းမြစ်ကမ်းပါး အနီး‌နေ ဒေသခံပြည်သူများကိုယ်စား သိရှိလိုပါကြောင်း မေးမြန်းပါသည်။