(က)-နိုင်ငံတကာရင်းနှီးမြှုပ်နှံသူများနှင့်အစိုးရအဆက် ဆက်တို့ကြားရေးထိုးခဲ့သည့်နားလည်မှုစာချွန်လွှာ (MoU)ပါအချက်အလက်များနှင့်ပြန်လည်သုံးသပ်နေ သည့်အခြေအနေအရပ်ရပ်ကိုအသိပေးနိုင်ခြင်းရှိ/မရှိ တို့နှင့်စပ်လျဉ်းသည့်မေးခွန်း

2020-12-16

ဒေါ်ခင်မို့မို့အောင် (လသာ)ယခင်အစိုးရအဆက်ဆက်တွင် နားလည်မှုစာချွန်လွှာ(MoU) ရေးထိုးခဲ့ကြသည့် စွမ်းအင်ထုတ်လုပ် ခြင်းနှင့်အခြေခံအဆောက်အဦကဏ္ဍမှ အကြီးစားလုပ်ငန်းစု အများစုအကြောင်းကို ဒေသခံပြည်သူ လူထုအား အသိပေးတိုင်ပင်ခဲ့ခြင်းမရှိသည့်အပြင် လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရာ တွင် အမျိုးမျိုးအားနည်းချက်များကြောင့် ပြည်သူအများ ကန့်ကွက်ခဲ့ကြသည်ကို လေ့လာတွေ့ရ ရပါကြောင်း၊ ဥပမာ-မြစ်ဆုံစီမံကိန်း၊ ကျောက်ဖြူအထူးစီးပွားရေးဇုန်၊ လောင်းလုံရေနံချက်စက်ရုံ၊ ရွှေဓာတ်ငွေ့ပိုက်လိုင်း၊ အဆိုပြု ထားသည့် မိုင်းတုံရေကာတာလုပ်ငန်းများဖြစ်ပါကြောင်း၊ ၎င်းလုပ်ငန်း များသည် ဒေသခံပြည်သူများ၏ သဘောထားများ ရယူမှုမရှိခြင်း၊ လုံလောက်သော တိုင်ပင်နှီးနှောမှု မရှိခြင်း၊ မြေယာသိမ်းဆည်းမှုများ ရှိနေခြင်း၊ အခွင့်အလမ်းများဖန်တီးပေးနိုင်မှုမရှိခြင်း၊ တာဝန်ယူ၊ တာဝန်ခံမှုမရှိခြင်းတို့ကြောင့် ကန့်ကွက်ခြင်းခံနေရသည့် စီမံကိန်းများဖြစ်ပါကြောင်း၊ အဆိုပါ စီမံကိန်းများကို ပြည်သူလူထုမှ ကန့်ကွက်ဆန္ဒပြနေသည့်အခြေအနေကြောင့် လက်ရှိတာဝန် ထမ်းဆောင်နေသော ပြည်ထောင်စုမြန်မာ နိုင်ငံတော်အစိုးရအား အကြပ်အတည်း ဖြစ်စေပါကြောင်း၊ ဒေသခံပြည်သူလူထုနှင့် ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ အကျိုးစီးပွားကို မဖြစ်ထွန်းနိုင်သည့် နိုင်ငံ တကာရင်းနှီးမြှုပ်နှံမှုများနှင့် စီမံကိန်းများကို ဆန့်ကျင်ကန့်ကွက်ရမည် ဖြစ်သော်လည်း စီမံကိန်း များကို မှန်ကန်သည့်သက်သေအထောက်အထားများမရှိဘဲ ဆန့်ကျင်ကန့်ကွက်နေခြင်းသည် ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ ဖွံ့ဖြိုးရေး၊ နိုင်ငံတကာဆက်ဆံရေး၊ နှစ်နိုင်ငံရင်းနှီးချစ်ကြည်ရေး၊ ကုန်သွယ်ရေးများကို ဆိုးရွားစွာ ထိခိုက်စေနိုင်ပါကြောင်း၊ ရင်းနှီးမြှုပ်နှံသည့် နိုင်ငံခြားကုမ္ပဏီများ အပါအဝင် ပြည်ထောင်စုမြန်မာနိုင်ငံတော်နှင့် ဒေသခံပြည်သူလူထုတို့အတွက် မျှတစွာလက်ခံနိုင်သည့် စီမံကိန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည့်နည်းလမ်းများကို နိုင်ငံတော်အစိုးရနှင့် နိုင်ငံတကာမှ ကုမ္ပဏီများ အကြား လုပ်ကိုင်ဆောင်ရွက်ကြမည့် စီမံကိန်းများကို ပြည်သူလူထုအား ပွင့်ပွင့်လင်းလင်း အသိပေးတိုင်ပင်ပြီး နားလည်မှုစာချွန်လွှာပါ အချက်အလက်များကိုလည်း ဒေသခံပြည်သူလူထုများ၊ အရပ်ဖက်အဖွဲ့အစည်းများ၊ သတင်းမီဒီယာများ၊ ပြည်တွင်းပြည်ပ ပညာရှင်များ သိရှိနိုင်အောင် စနစ်တကျဆောင်ရွက်ပေးခြင်းဖြစ်ပါကြောင်း၊ ထိုသို့ဆောင်ရွက်ခြင်းသည် ဝန်ကြီးဌာနအနေဖြင့် တိုင်းပြည်တာဝန်ကို ကျေပွန်အောင်ဆောင်ရွက်ခြင်းဖြစ်သလို လက်ရှိတာဝန် ထမ်းဆောင်နေသည့် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်အနေဖြင့် အခက်အခဲများကိုလည်း ကူညီဖြေရှင်းပေးရာ ရောက်ပါမည်ဖြစ်ပါကြောင်း၊

သို့ဖြစ်ပါ၍ ၂၀၁၁ ခုနှစ်မှ ၂၀၁၆ ခုနှစ်အထိ ရင်းနှီးမြှုပ်နှံကြသူများနှင့် ၎င်းတို့၏ အမေရိကန်ဒေါ်လာ သန်း ၅၀၀ ကျော်ပမာဏရှိ လုပ်ငန်းများအကြောင်းကို အများပြည်သူသိရှိနိုင်ရန် ဖော်ပြပေး နိုင်ခြင်းရှိ/မရှိ နှင့် ၂၀၁၁ ခုနှစ်မှ ၂၀၁၆ ခုနှစ်အတွင်းရေးထိုးခဲ့သော နားလည်မှုစာချွန်လွှာများကို ဝန်ကြီးဌာနမှ ပြန်လည်သုံးသပ်ရာတွင်တွေ့ရှိရသည့် အချက်အလက်များနှင့် အကန့်အသတ်များကို ပြည်သူလူထုအား အသိ‌ပေးတိုင်ပင် နိုင်ခြင်းရှိ/မရှိ တို့ကိုသိရှိ လိုပါကြောင်း မေးမြန်းပါသည်။