(ခ)-မင်းတုန်းမြို့နယ်အမှတ်(၃)ရပ်ကွက်အတွင်းရှိ တံတားများ ပျက်စီးနေမှု အပေါ် အသစ်ပြန်လည် တည်ဆောက်ပေးရန်အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်း သည့် မေးခွန်း

2020-12-16

မိမိတို့ မင်းတုန်းမြို့တွင် ရပ်ကွက်(၄) ကွက်ရှိသည့်အနက် အမှတ်(၃)ရပ်ကွက်သည် မင်းတုန်းမြို့၏ အလယ်ဗဟို အချက်အခြာကျသော ရပ်ကွက်ဖြစ်ပြီး အ.ထ.ကကျောင်း၊ မြို့နယ်ဆေးရုံကြီး၊ မြို့မ ဈေးကြီး၊ စိုက်ပျိုးရေးရုံး၊ ပြန်ကြားရေးရုံး၊ မြေစာရင်းရုံးနှင့် စည်ပင်ရုံးများရှိသည့်အတွက် လူအသွား အလာများသော ရပ်ကွက်ဖြစ်ပါကြောင်း၊ အမှတ်(၃)ရပ်ကွက်တွင် လမ်းမတော် လမ်းတစ်လမ်းတည်း ရှိပြီး အဆိုပါလမ်းကို  ဈေးသွားဈေးပြန်များ၊ ကျောင်းသွားကျောင်းပြန်များ၊ ဆေးရုံသွားသူများ၊ ရုံးသွား သူများ၊ ဆိုင်ကယ်များ၊ ကားများဖြင့် ရှုပ်ထွေးခြင်းကြောင့် မကြာခဏဆိုသလို Accident များ ဖြစ်ပါကြောင်း၊ ထို့ကြောင့် အမှတ်(၃)ရပ်ကွက်တွင် မြို့ပတ်လမ်းတစ်လမ်းရှိရန် မဖြစ်မနေလိုအပ်နေပြီ ဖြစ်ပါကြောင်း၊

အမှတ်(၃)ရပ်ကွက်အတွင်း ဆက်သွယ်သွားလျက်ရှိသော တံတားသုံးစင်းအနက် မြို့ပတ်လမ်း ဖြစ်သော အမှတ်(၂)ရပ်ကွက်မှ အမှတ်(၄)ရပ်ကွက်ကိုဆက်သွယ်ထားသည့် ကမ်းနားလမ်း (ရွှေဂူလမ်း) ပေါ်ရှိ ပျက်စီးနေသာ ၄၅ ပေရှည်သည့် တံတားနှစ်စင်းသည် လူသွားလူလာများပြီး ပြန်လည်ကောင်းမွန်မည်ဆိုပါက မြို့ပတ်လမ်းအတွက်လည်း အခြေအနေကောင်းမည်ဖြစ်သည့် အတွက် အလျင်အမြန်တည်ဆောက်ပေးစေလိုပါကြောင်း၊

သို့ဖြစ်ပါ၍ အဆိုပါတံတားနှစ်စင်းသည် အရေးပေါ်မဖြစ်မနေဆောင်ရွက်ရမည့် လုပ်ငန်းဖြစ်နေပါ သဖြင့် ဆောင်ရွက်ပေးနိုင်ခြင်းရှိ/မရှိ၊ ဆောင်ရွက်ပေးမည်ဆိုပါက မည်သည့်အချိန်တွင် ဆောင်ရွက် ပေးနိုင်ပါမည်နှင့်  ဆောင်ရွက်မပေးနိုင်ပါက မည်သည့်အတွက်ကြောင့် ဖြစ်သည့်ဆိုသည်ကို သိရှိလိုပါ ကြောင်း မေးမြန်းပါသည်။