(င)-နိုင်ငံတော်အစိုးရ၏လုပ်ငန်းလေလံတင်ဒါခေါ် ယူရာတွင်အခြေခံမူနှင့်အခြေခံစံသတ်မှတ်ချက်များ ကိုပြည်ထောင်စုအစိုးရအဖွဲ့မှသတ်မှတ်ပြဋ္ဌာန်းပေး ရန် အစီအစဉ်ရှိ၊ မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း
နိုင်ငံတော်အစိုးရအနေဖြင့် စီမံကိန်းများအကောင်အထည်ဖော်ရန် သက်ဆိုင်ရာ ကဏ္ဍအလိုက် လုပ်ငန်းတင်ဒါများ
ချမှတ်လုပ်ကိုင်ဆောင်ရွက်ရာတွင် ချမှတ်ထားသော တင်ဒါ စည်းမျဉ်း၊ စည်းကမ်း များသည် ဝန်ကြီးဌာန အလိုက်သော်လည်းကောင်း၊ သို့မဟုတ် တိုင်း ဒေသကြီးနှင့် ပြည်နယ်အစိုးရ အလိုက်သော်လည်းကောင်း၊ ဌာနတစ်ခုချင်းစီအလိုက်သော် လည်းကောင်း တစ်ခုနှင့် တစ်ခုတူညီမှု မရှိဘဲ တစ်မျိုးစီကွဲပြားနေခြင်းကို သိရှိလိုပါကြောင်း၊ ယခင် အစိုးရ လက်ထက် နိုင်ငံတော်သမ္မတရုံးမှ ထုတ်ပြန်ထားသည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများနှင့် စီးပွားရေး လုပ်ငန်းများ လုပ်ကိုင် ခွင့်ပြုရေးဆောင်ရွက်ရာတွင် အစိုးရဌာနအဖွဲ့အစည်းများလိုက်နာရမည့် တင်ဒါ စည်းကမ်းချက်များ ထုတ်ပြန်ချက်၊ ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် အခြားဝန်ကြီးဌာနများ ပူးပေါင်း ဆွေးနွေးပြီး ထုတ်ပြန် ထားသော ကန်ထရိုက်စနစ်ဖြင့် လုပ်ငန်းများဆောင်ရွက်ရာတွင် လိုက်နာ ကျင့်သုံးရမည့် လုပ်ငန်း လမ်းညွှန်ချက်များ အစရှိသည့် ထုတ်ပြန်ချက်များသည် ယေဘုယျသဘော ဆန်သည့် ထုတ်ပြချက်များကို တွေ့ရှိရပြီး ထိုစည်းမျဉ်းစည်းဘောင်အနည်းအကျဉ်းကိုပင် အချို့သော ဌာနများ အနေဖြင့် တင်ဒါစည်းကမ်းများကို ကျော်လွန် လုပ်ကိုင်ဆောင်ရွက် နေသည် ကို တွေ့ရှိရပါ ကြောင်း၊ ဌာနအချို့၏ တင်ဒါစည်းမျဉ်း၊ စည်းကမ်းချက်များတွင် မည်သည့်အကျိုးအကြောင်း ဖော်ပြချက်မျှမပြဘဲ ငြင်းပယ်သည်ကို လက်ခံရမည်ဆိုသည့် ဒီမိုကရေစီနည်းလမ်းမကျသည့် သတ်မှတ်ချက်များ ပါရှိသည် ကို တွေ့ရှိရပါကြောင်း၊ တင်ဒါတစ်ခုကိုဖြစ်စေ၊ အားလုံးကို ဖြစ်စေ၊ အကြောင်းတစ်စုံတစ်ရာ ဖော်ပြခြင်းမရှိဘဲ ပယ်ဖျက်ပိုင်ခွင့်ရှိသည်ဆိုသည့်အချက်များကိုလည်း တွေ့ရှိရပါကြောင်း၊ ဌာန၏ အကျိုးကိုရှေ့ရှုပြီး အကျိုး အကြောင်းဖော်ပြခြင်း မရှိဘဲ ငြင်းပယ်ပါက လက်ခံ သဘောတူရန် အချက်များလည်း ပါရှိသည်ကိုသိရှိရပါကြောင်း၊ ယခုကဲ့သို့ ဌာနတစ်ခုနှင့်တစ်ခု မတူညီသော စည်းမျဉ်းများကြောင့် တင်ဒါ ခေါ်ယူသူနှင့် တင်ဒါဝင်ရောက် ယှဉ်ပြိုင် သူများကြားတွင် မလိုလား အပ်သော လာဘ်ပေးလာဘ်ယူမှုများ ဖြစ်ပေါ်လာစေနိုင်သည့်နည်းတူ တင်ဒါရွေးချယ်ရာ တွင် အမှတ်ပေး ဆုံးဖြတ်သည်ဟုဆိုသော်လည်း အမှတ်ပေးစည်းမျဉ်းများသည် ဝန်ကြီးဌာနများ အားလုံး အတွက် တစ်ညီတစ်ညွတ်တည်း တစ်ပြေးညီ ရေးဆွဲထားခြင်းမဟုတ်သည့်အတွက် တင်ဒါ အောင်စေ လိုသော အဖွဲ့အစည်းများအတွက် ညှိနှိုင်းရေးဆွဲထားသည့် သဘောကို တွေ့ရှိရပါကြောင်း၊
သို့ဖြစ်ပါ၍ နိုင်ငံတော်အစိုးရအနေဖြင့် လုပ်ငန်းတင်ဒါများကိုခေါ်ယူရာတွင် ထူးခြားသော စီမံကိန်းများမှအပ ဝန်ကြီးဌာနအားလုံးအတွက် တူညီသည့်အခြေခံမူ၊ အခြေခံစံသတ်မှတ်ချက်များနှင့် ရွေးချယ်မှုဆိုင်ရာ စံသတ်မှတ်ချက်များကို ပြည်ထောင်စုအစိုးရမှ သတ် မှတ်ပြဋ္ဌာန်းပေး ရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။