(င)-ကျောက်တန်းမြို့၊ခရမ်းမြို့နှင့် သုံးခွမြို့တို့ တွင်ပေါ်ထွန်းလာသော သောင်ထွန်းမြေဧကကို ပြန်လည် စိစစ် တိုင်းတာ၍ ပွင့်လင်းမြင်သာစွာ ကြေညာပေးပါရန်၊သောင်ထွန်းမြေများကိုစုပေါင်း လယ်ယာများ လုပ်ကိုင်ခွင့်ပြုပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း

2020-12-16

ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင်တွင်တည်ရှိသည့် ခရမ်းမြို့၊ သုံးခွမြို့နှင့် ကျောက်တန်းမြို့များသည် မုတ္တမပင်လယ်ကွေ့ အနားမှာတည်ရှိပြီး သဘာဝကပေးထားသည့် ပင်လယ်ရေသယံဇာတ၊ မြေသယံဇာတရရှိထားသည့် နေရာများဖြစ်ပါကြောင်း၊ ပင်လယ်ထွက်ပေါက် တည်ရှိသည့် အတွက်ကြောင့် အမျိုးသားလုံခြုံရေးအတွက်လည်း အချက်အခြာကျသည့် နေရာဖြစ်ပါကြောင်း၊ ပင်လယ်ပြင်နှင့်ထိစပ်လျက်ရှိပြီး နှစ်စဉ် သောင်ထွန်းမြေများ ဧကထောင်ချီ ရရှိနေသော်လည်း ရေသယံဇာတ၊ မြေသယံဇာတကို အကျိုးခံစားခွင့်မရရှိသည့် ဒေသခံ ပြည်သူများက မြေမဲ့၊ ယာမြေ ဆင်းရဲတွင်းနက်သည်ထက် နက်နေခြင်းကို ဝမ်းနည်းဖွယ်ရာ တွေ့မြင်ရပါကြောင်း၊ အဆိုပါသောင်ထွန်းမြေပေါ်တွင် ရေငန်ပုစွန်မွေးမြူခွင့်၊ မြေယာအသုံးချခွင့် ရနေသူအများစုများသည် ဒေသခံများမဟုတ်သည့် အာဏာပိုင်နှင့် နီးစပ်သည့် သူများဖြစ်နေပါကြောင်း၊ ဒေသခံများသည် မြေယာအသုံးပြုခွင့် လျှောက်ထားသော်လည်း မရရှိခြင်းကြောင့်လည်းကောင်း၊ သယံဇာတကြောင့် ဒေသဖွံ့ဖြိုးရမည့်အစား ၎င်းသယံဇာတကြောင့်ပင် ပြဿနာများများ ဖြစ်နေရပါကြောင်း၊ အစိုးရအပြောင်းအလဲ ဖြစ်ခါနီးအချိန်တွင် ဒေသခံများ ကန့်ကွက်နေသည့်ကြားက ပုစွန်ကန်မွေးမြူခွင့်ကို ကုမ္ပဏီတစ်ခုက ချထားသည့်အတွက်ကြောင်‌့ သုံးခွမြို့နယ် သာသာမြိုင်ကျေးရွာမှ ပြည်သူများ ကန့်ကွက်ဆန္ဒပြခဲ့ကြပါကြောင်း၊ ကျောက်တန်း မြို့နယ်တွင် ယခုလတ်တလော မည်သည့်ကုမ္ပဏီကို မည်ရွေ့မည်မျှ လုပ်ကိုင်ခွင့်ချထားပေးသည်ကို မသိရှိဘဲ မြေတူးစက်များနှင့် မြေယာပြုပြင်ခြင်းများ ဆောင်ရွက်နေသည့်အတွက်ကြောင့် မြေယာလုပ်ကိုင်ခွင့် အသုံးပြုခွင့် လျှောက်ထားသည့် ကျေးရွာသူ/သားများမှာ မကျေမနပ် ဖြစ်နေကြရပါကြောင်း၊

ပုစွန်ကန်များကို ကျေးရွာမှ ပင်လယ်ထိသွားရာနေရာတွင် လုပ်ကိုင်ခွင့်ချထားပေးသည့်အခါ ကျေးရွာမှာ မှီတင်းနေထိုင်ပြီး ပင်လယ်ကို အမှီပြုလုပ်ကိုင်စားသောက်နေရသော ဒေသခံများက မြေယာအသုံးချခွင့် ရရှိခြင်းမဟုတ်ဘဲ ပင်လယ်ကိုထွက်ပြီး ငါးဖမ်းခြင်း၊ ကဏန်းထောင်ခြင်း လုပ်ခွင့်မှာ ဆုံးရှုံးရပါကြောင်း၊ မူလအသက်မွေးဝမ်းကျောင်းဖြစ်သည့် ပင်လယ်ဘက်ကို ထွက်ပြီး ရေလုပ်ငန်းလုပ်သည့် အခါတွင် ပုစွန်ကန်များအပေါ် ဖြတ်လျှောက်ရသည့်အတွက် ဖြတ်လျှောက် မိ၍လည်း ထောင်ကျခဲ့သည့် သာဓကများလည်း ရှိခဲ့ပါကြောင်း၊ ထို့အပြင် ‌ရေငန်ပုစွန် မွေးမြူရေး လုပ်ကိုင်ထားသူအချို့သည် မိမိတို့ တရားဝင်လုပ်ကိုင်ခွင့် ရထားသည့် မြေဧကအပြင် ပင်လယ်ဘက်မှာ နှစ်စဉ်ထွန်းလာသည့် သောင်များပါ တိုးချဲ့လုပ်ကိုင်ခြင်းများ ရှိနေသောကြောင့် မေးခွန်းနံပါတ်(၁) အနေဖြင့် မုတ္တမပင်လယ်ကွေ့အနီးမှာ တည်ရှိသည့် ကျောက်တန်းမြို့၊ ခရမ်းမြို့၊ သုံးခွမြို့များတွင် ပေါ်ထွန်းနေသည့် သောင်ထွန်းမြေဧကကို ပြန်လည်စိစစ်တိုင်းတာပြီး ပြည်သူများကို ပွင့်လင်းမြင်သာစွာ ကြော်ငြာပေးရန်ဖြစ်ပါကြောင်း၊ ၎င်း မြေများကို တရားမျှတစွာ စီမံခန့်ခွဲရန်အတွက် မြေပြင်ပေါ်မှာရှိနေသည့် ပကတိအခြေအနေကို တိုင်းတာရန် မဖြစ်မနေလိုအပ်ခြင်း ဖြစ်ပါကြောင်း၊ နံပါတ် (၂) အနေဖြင့် လက်ရှိသောင်ထွန်းမြေပေါ်တွင် စီးပွားရေးလုပ်ကိုင်ခွင့်ပြုထားသည့် ပုစွန်မွေးမြူရေး လုပ်ငန်းကဲ့သို့သော လုပ်ငန်းများကို ပြန်လည်စိစစ်ပြီး စည်းမျဉ်း၊ ဥပဒေနှင်‌့ညီ/မညီ၊ သတ်မှတ်ထားသည့် ဧကဟုတ်/မဟုတ်ကို ပြန်လည်စိစစ်ပေးရန်နှင့် သောင်ထွန်းမြေများအနီး နေထိုင်သည့် ဒေသခံများကိုလည်း စနစ်တကျပြန်ပြီးခွဲဝေပေးခြင်း သို့မဟုတ် စုပေါင်းလယ်ယာ ကဲ့သို့သော လယ်ယာလုပ်ငန်းများကို ခွင့်ပြုလုပ်ကိုင်ပေးခြင်းစသည့် အစီအစဉ်ရှိ/မရှိ မေးမြန်းပါသည်။