(စ)-ကျောက်ကြီးမြို့နယ်၊ငထွေစုတ်ကျေးရွာအုပ်စု အတွင်းဖြတ်သန်း စီးဆင်းနေသော ငါးဖျင်းသ လက်ခေါက်မြောင်းကြီးအားဖြတ်လျက်ကွန်ကရစ် တံတားတစ်စင်း တည်ဆောက်ပေးရန်အစီအ စဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း
ငါးဖျင်းသလက်ခေါက်မြောင်းကြီးသည် စစ်တောင်းမြစ်၏ အရှေ့ဘက် ခရုစိမ့်ဗြက်ကျယ်ကြီး၏ တောင်ဘက်မှ နောင်ကုန်းတံတားကိုဖြတ်ပြီး ကျောက်ကြီးချောင်းမှတစ်ဆင့် စစ်တောင်းမြစ်ထဲသို့ ဖြတ်သန်းစီးဆင်းပါကြောင်း၊ ထို့ကြောင့် စစ်တောင်းမြစ်နှင့် ငါးဖျင်းသလက်ခေါက် မြောင်းကြီးကြားရှိ ငထွေစုတ်၊ ဆေးပုလဲ၊ မိတ်သလင်စသည့် ရွာများသည် အရှေ့ဘက်ရှိ တောင်ငူ-မုပ္ပလင် လမ်းမကြီးသို့ ရောက်ရှိရန် အကျယ်ပေ ၁၀၀ ခန့်ရှိ ငါးဖျင်းသလက်ခေါက်မြောင်းကြီးအား ဖြတ်သန်းရမည်ဖြစ်ပါကြောင်း၊ ငါးဖျင်းသလက်ခေါက်မြောင်းကြီးအား ဖြတ်သန်းရန်အတွက် ငထွေစုတ်ကျေးရွာ ကိုယ့်အားကိုယ်ကိုး တံတား ၁ စင်းကို ၁၉၅၀ ခုနှစ်က တည်ဆောက်ခဲ့ပြီး ပြုပြင်ထိန်းသိမ်းကာ အသုံးပြုခဲ့ပါကြောင်း၊ သို့သော်လည်း ယင်းတံတားသည် ၁၉၉၃ ခုနှစ်တွင် ရေတိုက်စားပြီး ပျက်စီးသွားခဲ့ပါကြောင်း၊ ၁၉၉၃ ခုနှစ် မတ်လတွင် နောက်တံတားတစ်စင်းကို တည်ဆောက်ကာ ယနေ့အချိန်အထိ အသုံးပြုနေခဲ့ရပါကြောင်း၊ သို့သော်လည်း ဤတံတားသည် စနစ်တကျ ဆောက်လုပ်ထားသော တံတားမဟုတ်ခြင်း၊ သစ်သားကိုယ်ထည်ဖြင့် အသားများဆွေးမြည့်နေခြင်း၊ အသုံးပြုသည့်ကာလမှာ နှစ် ၂၀ ကျော် ကြာမြင့်နေခြင်းတို့ကြောင့် ခရီးသွားပြည်သူများအတွက် အန္တရာယ်ဖြစ်လာနိုင်ပါကြောင်း၊ ထို့အပြင် ရွာချင်းဆက်ဒေသများမှ ကုန်စည်များကိုသယ်ဆောင်ရန် ကား၊ ဂွန်ဒေါင်း၊ လှည်းအစရှိသည့် ယာဉ်များ ဖြတ်သန်းသွားလာနိုင်ရန် ကွန်ကရစ်တံတားဖြစ်ရန် လိုအပ်နေပါကြောင်း၊ အကယ်၍ နိုင်ငံတော်မှ ကွန်ကရစ်တံတားတစ်စင်း တည်ဆောက်ပေးမည်ဆိုပါက စစ်တောင်းမြစ်နှင့် တောင်ငူ-မုပ္ပလင် လမ်းမကြားရှိ ကျေးရွာပေါင်း ၁၅ ရွာမှပြည်သူများ၊ ဝန်ထမ်းများ၊ ကျောင်းသား ကျောင်းသူများ အဆင်ပြေစွာ သွားလာနိုင်မည့်အပြင် ဒေသထွက်ကုန်ပစ္စည်းများကိုလည်း ကုန်ကျစရိတ်နည်းစွာဖြင့် ကူးသန်းရောင်းဝယ်နိုင်မည် ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်၊ ငထွေစုတ်ကျေးရွာအုပ်စုတွင် ဖြတ်သန်းစီးဆင်းနေသော ငါးဖျင်းသလက်ခေါက်မြောင်းကြီးအား ကွန်ကရစ်တံတားတစ်စင်း တည်ဆောက်ပေးနိုင်ပါရန် အစီအစဉ်ရှိ/မရှိနှင့် မည်သည့်အချိန်တွင် ဆောက်လုပ်ပေးမည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။