(ခ)-လေရှီးမြို့နယ်ရှိဆုံကင်ကျေးရွာအ.မ.ကကျောင်း များအားဆောက်လုပ်ပြီးတစ်နှစ်တွင်းပျက်စီးနေခြင်း နှင့်ပတ်သက်၍မည်ကဲ့သို့အရေးယူဆောင်ရွက်ပေး မည် ကိုသိ လိုခြင်းနှင့် စပ်လျဉ်းသည့် မေးခွန်း

2020-12-16

မေးခွန်း အကြောင်းအရာ 

u kyaw htayနာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနသည် လမ်း၊ တံတားနှင့် ကျောင်းဆောင်များကို ၂၀၁၃ ခုနှစ်ကစ၍ အိန္ဒိယ ထောက်ပံ့ငွေဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊ လေရှီးမြို့နယ်တွင် အ.မ.က ကျောင်း (၃)ကျောင်းကို AMC ကုမ္ပဏီမှ တာဝန်ယူဆောက်လုပ်ခဲ့သည်ဟု ဆိုသော်လည်း စာရာမေရိအားမာန် နှင့်ရွှေညီအစ်ကိုများ ကုမ္ပဏီမှ အမှန်တကယ်ဆောက်လုပ်ခဲ့သည်ကို တွေ့ရှိရပါကြောင်း၊  ခွင့်ပြုငွေ ကျပ်၉၆.၇၉သန်း ဖြင့် ကျောင်းဆောင် တစ်ခုတည်ဆောက် ခဲ့သော်လည်း အရည်အသွေးမပြည့်သည့်အတွက် တစ်နှစ်အတွင်း ပျက်စီးနေသည်ကို တွေ့ရှိရပါကြောင်း၊ ခွင့်ပြုငွေသည် အခြားအဆောက်အဦများကို ခွင့်ပြုသည့် ငွေတွေထက် နှစ်ဆနီးပါးပို သည်ကို မိမိတို့ တွေ့ရှိရပါကြောင်း၊ သို့သော် ကျောင်းဆောင်တစ်ခုလုံးသည် အက်ကြောင်းရာများနှင့် ပြိုကျလုနီးပါးလှုပ်ခတ်နေတာ ကို မိမိကိုယ်တိုင်သွားရောက် ကြည့်ခဲ့ပါကြောင်း၊ ထို့ကြောင့် ကလေးများအတွက် ကျောင်းဆက်တက်ရန် အန္တရာယ်များစွာရှိနေသည်ကို တွေ့ရှိရပါကြောင်း၊

နိုင်ငံတကာမှ ချစ်ကြည်ရေးအစီအစဉ်ဖြင့် ကူညီသည့်အခါတွင် ယခုလိုဆောက်လုပ်ထားခြင်းသည် နိုင်ငံ၏ ဂုဏ်သိက္ခာကို ကျဆင်းစေပါကြောင်း၊ လေရှီးမြို့နယ်အတွင်း ပန်ဆပ်၊ လေယုံ၊ ဆုံကင်း ကျေးရွာ အ.မ.က ကျောင်းများကို ဆောက်လုပ်ခဲ့သည့် AMC ကုမ္ပဏီနှင့် လုပ်ငန်းအာမခံချက် စာချုပ်ကို မည်သည့်ကာလ အထိချုပ် ဆိုထားသည်ကို သိရှိလိုပါကြောင်း၊ ဆောက်လုပ်ပြီးတစ်နှစ်အတွင်း ပျက်စီးနေသည့် အဆောက်အဦ နှင့်ပတ်သက်၍ ကုမ္ပဏီအား မည်ကဲ့သို့အရေးယူဆောင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။