(ဃ)-ဖားဆောင်းမြို့နယ်၊တောင်ပေါ်ရွာ၊ဇီးပင်ကွေ့ ရွာ၊ယူကောခိုကျေးရွာ(၃)ရွာရှိကျောင်းများအားမြေပြို ရန်အန္တရာယ်ရှိသဖြင့်ပြောင်းရွှေ့စေခဲ့ရာ၂၀၁၆-၁၇ ပညာသင်နှစ်အတွက် ကျောင်းဆက်လက်ဖွင့်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း
မေးခွန်း အကြောင်းအရာ
ကယားပြည်နယ်၊ ဖားဆောင်းမြို့နယ်၊ မော်ချီးကျေးရွာအုပ်စုရှိ တောင်ပေါ်ရွာ၊ ဇီးပင်ကွေ့ရွာ၊ ယူကောခိုကျေးရွာများသည် လွန်ခဲ့သောနှစ်ပေါင်း ၁၅၃ က တည်ထောင်ခဲ့သော ကျေးရွာများဖြစ်ပြီး လူဦးရေ ၁၈၇၇ ဦး၊ အိမ်ထောင်စုပေါင်း ၅၂၈ စုရှိပါကြောင်း၊ အဆိုပါ ကျေးရွာ ၃ ရွာတွင် မူလတန်းကျောင်း ၂ ကျောင်းနှင့် အလယ်တန်းကျောင်းခွဲ ၁ ကျောင်းရှိပြီး ကျောင်းသားဦးရေ ၆၀၀ ဦးခန့်ရှိပါကြောင်း၊ အဆိုပါကျေးရွာများအနီးတွင် ရဲထွဋ်ကျော်ကုမ္ပဏီနှင့် ဦးပိုက်ကုမ္ပဏီတို့မှ သတ္တုတူးဖော်ရေးလုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခင်အစိုးရလက်ထက် တွင် ၎င်းကျေးရွာ ၃ ရွာ၏ အောက်ခံမြေသားတည်ငြိမ်မှု မရှိကြောင်းနှင့် မြေပြိုရန် အန္တရာယ် ရှိနိုင်သည်ဟု အကြောင်းပြု၍ သတ္တုတူးဖော်နေသောကုမ္ပဏီများက အလျင်အမြန် ဖိအားပေး ပြောင်းရွှေ့စေခဲ့သောကြောင့် နိုင်ငံတော်အစိုးရမှ ဖွင့်လှစ်ထားသော ကျောင်းများကိုလည်း ၂၀၁၆-၁၇ ပညာသင်နှစ်မစမီ ပိတ်ခဲ့ရပါကြောင်း၊
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေး ခေတ္တရပ်နားချိန်တွင် မော်ချီးကျေးရွာ အုပ်စုရှိ ပြည်သူလူထုနှင့် သွားရောက်တွေ့ဆုံ ကွင်းဆင်းခဲ့ပြီး ပြည်သူလူထုကြုံတွေ့နေရသော အခက်အခဲများ၏ အချက်အလက်များကိုရယူ၍ သက်ဆိုင်ရာတာဝန်ရှိသူများနှင့် သွားရောက် တွေ့ဆုံခဲ့ရာတွင် အန္တရာယ်ဖြစ်လာပါက ကြိုတင်ကာကွယ်သည့်အနေဖြင့် ရွာသူရွာသားများကို ပြောင်းရွှေ့စေခိုင်းခြင်းသာဖြစ်ကြောင်းနှင့် မဖြစ်မနေပြောင်းရွှေ့ရမည် မဟုတ်ဟုလည်း သိရှိ ခဲ့ရပါကြောင်း၊ ယခုအခါ ကျေးရွာနေပြည်သူများသည် မပြောင်းရွှေ့ဖြစ်ခဲ့သော်လည်း ၂၀၁၆-၁၇ ပညာသင်နှစ်တွင် ရွာတွင် ဖွင့်လှစ်ထားရှိသော ကျောင်းများသည် နေရာအသစ်သို့ ပြောင်းရွှေ့ခဲ့ရပါကြောင်း၊ ကျောင်းသားကျောင်းသူများသည် ရွာမှ ၅ မိုင်မှ ၁၀ အထိဝေးသော နေရာသစ်တွင် ဖွင့်လှစ်ထားသည့်ကျောင်းများတွင် သွားရောက် ပညာသင်ကြားနေရပါကြောင်း၊ ဆိုးရွားသောရာသီဥတု အခြေအနေနှင့် လမ်းပန်းဆက်သွယ်ရေး အခက်အခဲများ၊ ရွာနှင့်ကျောင်း ဝေးကွာလွန်းသဖြင့် တချို့ကလေးများသည် ကျေးရွာအသီးသီးရှိ ယာယီဖွင့်ထားသော ကျောင်းများတွင် ပြင်ပမှ ဆရာဆရာမများငှားရမ်း၍ ကိုယ်ထူကိုယ်ထ ပညာသင်ကြားနေရပါကြောင်း၊
ပညာသင်ယူမှုသည် မွေးဖွားသည့်နေ့မှစ၍ ဘဝတစ်လျှောက် စဉ်ဆက်မပြတ် ပညာသင်ကြားနိုင်ရေး အတွက် ပညာရေးအခွင့်အလမ်းများ ရရှိနိုင်ရန်နှင့် အကျိုးရှိသည့်ပညာရပ်များ တတ်မြောက်နိုင်စေရန် နိုင်ငံသားတိုင်း အနည်းဆုံး မူလတန်းအဆင့်ပညာကို တတ်မြောက်ခွင့် ရရှိနိုင်အောင် ဆောင်ရွက်ပေးရမည်မှာလည်း နိုင်ငံတော်အစိုးရ၏ မူဝါဒများဖြစ်သည့်အတွက် လူတိုင်း လက်လှမ်းမှီသော အခြေခံပညာကျောင်းများကို ဖွံ့ဖြိုးမှုအားနည်းသည့် ဒေသများတွင် ပို၍ဦးစားပေး ဆောင်ရွက်ပေးထားသင့်ပါကြောင်း၊ သို့ဖြစ်ပါ၍ အဆိုပါကျောင်းများကို ပြန်လည်ဖွင့်လှစ် ပေးနိုင်မည်ဆိုပါက ကျောင်းနေရွယ်ကလေး သူငယ်များအားလုံး ကျောင်းတက်နိုင်ကြမည်ဖြစ်ပြီး ဆရာဆရာမများကို ငှားရမ်းပညာသင်ကြားနေသော ပြည်သူများ၏ လူမှုအခက်အခဲများကိုလည်း ဖြေရှင်းရာရောက်မည်ဖြစ်ပါကြောင်း၊
ထို့ကြောင့် ပညာသင်ကြားနေသော ကျောင်းသားကျောင်းသူများ ဘေးကင်းလုံခြုံစွာ ဆက်လက် ပညာသင်ယူနိုင်ရေးအတွက် ၎င်းကျေးရွာများရှိ ကျောင်းများကို မူလနေရာတွင် ပြန်လည် ဖွင့်လှစ်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် အစီအစဉ်မရှိပါက ယခုလက်ရှိ ကိုယ်ထူကိုယ်ထအနေဖြင့် ပညာ သင်ကြားနေသော ကျောင်းသားကျောင်းသူများအတွက် နိုင်ငံတော်အစိုးရအနေဖြင့် မည်ကဲ့သို့ ဆက်လက်ဆောင်ရွက်ပေးမည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။