(က) - ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်၊ဦးဝိစာရ လမ်းကိုပြင်ဆင်ပေးရန်အစီအစဉ်ရှိ၊မရှိနှင့်စပ်လျဉ်း သည့်မေးခွန်း
မေးခွန်း အကြောင်းအရာ

ဒဂုံမြို့သစ် (မြောက်ပိုင်း)၏ အဓိကလမ်းမကြီးဖြစ်သည့် ပင်လုံလမ်းမကြီးနှင့် ဗိုလ်မှူးဗထူးလမ်းမကို ကန့်လန့်ဖြတ် ဆက်သွယ်ထားသည့်လမ်းမှာ ဦးဝိစာရလမ်းဖြစ်ပြီး ၎င်းလမ်းသည် အဓိကအားဖြင့် ဒဂုံ မြို့သစ်(မြောက်ပိုင်း)စက်မှုဇုန်၊ မဟာမြိုင်အိမ်ရာ၊ တော်ဝင်အိမ်ရာ၊ ၃၄ ရပ်ကွက်၊ ၄၁ ရပ်ကွက်၊ (၄၁)တိုးချဲ့ရပ်ကွက်၊ (၄၂)ရပ်ကွက်၊ (၂၄)တိုးချဲ့ရပ်ကွက်များ အဓိကအသုံးပြုရသည့် လမ်းမကြီး ဖြစ်ပါကြောင်း၊ ၎င်းလမ်းမကြီးသည် ၁၄ ပေ ကျယ်ပြီး မိုင်ဝက်ခန့်ရှည်ပြီး၊ ပျက်စီးနေသည့်အပြင် လမ်းဘေးတွင် ချောက်များဖြစ်နေသဖြင့် ယာဉ်များလည်း မကြာခဏ အန္တရာယ်ကျရောက်ပါကြောင်း၊ ၎င်းလမ်းမကြီးကို ၁၀၇၊ ၁၀၈၊ ၃၆၊ ၃၇ လိုင်းကား (၄)လိုင်းလည်း အသုံးပြုနေပါကြောင်း၊ ယခုလို လူအသုံးများသည့်လမ်းမကြီးသည် ပျက်စီးနေသည့်အတွက် အုပ်ချုပ်ရေးအဖွဲ့ အစည်းများ၊ ရပ်ကွက်သာယာရေး ကော်မတီများမှလည်း တိုင်းဒေသကြီးအစိုးရအဖွဲ့ နှင့် မြို့တော်စည်ပင် သာယာရေးကော်မတီကို အကြိမ်ကြိမ်တင်ပြပြီး ပြင်ဆင်ပေးပါရန် တောင်းခံခဲ့ပါကြောင်း၊ သို့သော်၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်အထိ ပြင်ဆင်ရန် ဘတ်ဂျက်ပါလာခြင်းမရှိပါကြောင်း၊ ထို့ကြောင့် လူသုံးများပြီး အင်မတန် အသုံးဝင်သည့် လမ်းကို ပြင်ဆင်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် ပြင်ဆင်ပေး မည်ဆိုပါက မည်သည့်အချိန်တွင် ပြင်ဆင်ပေးမည် ကိုအတိအကျ သိလိုပါကြောင်းမေးမြန်းပါသည်။