(က)-လယ်ဝေးမြို့နယ်အတွင်းရှိ သစ်ပုတ်ပင်-မင်းပြင်-ဒလန်ချွန်ကျေးရွာအုပ်စုချင်းဆက်မြေ သားလမ်းကို ကျောက်ချောလမ်းအဖြစ်ခင်းပေး ရန်အစီအစဉ်ရှိ၊ မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း
မေးခွန်း အကြောင်းအရာ
လယ်ဝေးမြို့နယ်သည် ကျေးရွာ ပေါင်း ၂၆၁ ရွာ၊ ရပ်ကွက်ကြီးခုနစ်ရပ်ကွက်နှင့် လူဦးရေ ၂၈၃၀၀၀ ကျော်ရှိသည့် မြို့ကြီးတစ်မြို့ဖြစ်ပါကြောင်း၊ လမ်းပန်းဆက်သွယ်ရေးခက်ခဲမှုများကြောင့် အစစအရာရာ ဖွံ့ဖြိုးတိုးတက်မှုနိမ့်ကျနေရသည့် မြို့တစ်မြို့ဖြစ်ပါကြောင်း၊ သွားလာရေးခက်ခဲနေသည့် ကျေးရွာများအနက်မှ ဦးစွာအနေဖြင့် သစ်ပုတ်ပင်ကျေးရွာ၊ လယ်မကျေးရွာ၊ မင်းပြင်ကျေးရွာ၊ အောင်မြေယာကျေးရွာနှင့် ဒလန်ချွန်စသည့် ကျေးရွာချင်းဆက်မြေသားလမ်းသည် ၁၇ မိုင် ၂ ဖာလုံ ရှည်လျားပြီး ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ရန်ပုံငွေဖြင့် ၁၅ မိုင် ၇ ဖာလုံရှည်သည့် မြေသားလမ်းကို စတင်ဖောက်လုပ်ခဲ့ပါကြောင်း၊ ကျန်ရှိနေသည့် ၁ မိုင် ၃ ဖာလုံ မြေသားလမ်းနှင့် Box Culvert များကို ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်တွင် ဆက်လက်လုပ်ကိုင် သွားမည်ဖြစ်ကြောင်းကိုလည်း သိရှိရပါကြောင်း၊ ယခင်ကဆိုလျှင် သစ်ပုတ်ပင်ကျေးရွာ၊ မင်းပြင်ကျေးရွာ၊ ဒလန်ချွန်စသည့် ကျေးရွာအုပ်စုများရှိ ပြည်သူများသည် ရထားလမ်းတစ်ခုတည်းကိုသာ မှီခိုအားထားနေသည့် အတွက် ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေးစသည့်ကိစ္စရပ်များ အစစအရာရာ နိမ့်ကျလျက် ရှိပါကြောင်း၊ ကျေးရွာချင်းဆက်မြေသားလမ်း ဖောက်လုပ်ပြီးစီးသည့်နောက်တွင် ဒေသခံ ပြည်သူများ၊ ကျောင်းသူ/ ကျောင်းသားများ၊ ဒေသထွက် သီးနှံများ၊ ကျန်းမာရေးစသည့်ကိစ္စရပ်များကို မော်တော်ကား၊ မော်တော်ဆိုင်ကယ်စသည့် ယာဉ်များဖြင့် နေ့စဉ်သွားလာနေရသည့် ဒေသခံပြည်သူများ အားထားနေရသည့် လမ်းဖြစ်ကြောင်းကိုလည်း သိရှိရပါကြောင်း။
ဖောက်လုပ်ပြီးစီးသွားသည့် မြေသားလမ်းများသည် တစ်နှစ်ဝန်းကျင်ခန့်တွင် မိုးရေတိုက်စားမှုများကြောင့် လမ်းများပျက်စီးနေပါကြောင်း၊ မြေသားလမ်းများ ပျက်စီးနေသောကြောင့် ဒေသခံပြည်သူများ သွားလာ၍မရတော့ဘဲ ဒုက္ခများစွာ ကြုံတွေ့နေရပါသဖြင့် ရာသီမရွေးသွားလာနိုင်သော ကျောက်ချောလမ်းခင်းပေးရန် လိုအပ်နေပါကြောင်း၊ ထို့ကြောင့် လယ်ဝေးမြို့နယ် အတွင်းရှိ သစ်ပုတ်ပင်-မင်းပြင်-ဒလန်ချွန်စသည့် ကျေးရွာအုပ်စုချင်းဆက်မြေသားလမ်းကို ရာသီမရွေးသွားလာနိုင်သော ကျောက်ချောလမ်းအဖြစ် ခင်းပေးရန် အစီအစဉ်ရှိ/မရှိနှင့် အစီအစဉ် ရှိမည်ဆိုပါက မည်သည့်ဘဏ္ဍာနှစ်တွင် ဆောင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။