(ဂ)-ဒီပဲယင်းမြို့နယ်၊စိုင်ပြင်- အုန်းတပင်-မရကန် - ညောင်လှ-ရေဦးကားလမ်းအားရာသီမရွေးသွား လာနိုင်သည့်ကတ္တရာခင်းပြီးလမ်းအဖြစ်အဆင့်မြှင့် တင်ပေးနိုင်ပါရန်စီမံကိန်း ရှိ/မရှိကို သိလိုခြင်းနင့် စပ်လျဉ်းသည့် မေးခွန်း
မေးခွန်း အကြောင်းအရာ
ဒီပဲယင်း မြို့နယ်ရှိ စိုင်ပြင်-ရေဦး- ဒိစတြိတ်ကောင်စီလမ်းသည် ညောင်လှဈေး၊ ရေဦးဈေးနှင့် စိုင်ပြင်ဈေးတို့ကို ဆက်သွယ်ထားပြီး ကျေးရွာပေါင်း ၂၁ ရွာမှ အသုံးပြုနေသည့် ၁၆ မိုင်ရှည်လျားသည့် လမ်းဖြစ်ပါကြောင်းနှင့် ရာသီမရွေးသွားလာနိုင်သော လမ်းအဖြစ်ဖော်ပြထားသော်လည်း လက်တွေ့တွင် ထိုသို့ သွားလာနိုင်ခြင်းမရှိပါကြောင်း၊ ပထမ လမ်းပိုင်း စိုင်ပြင်-မင်းဆွေနှစ်သည် မြေသားလမ်းပိုင်းချည်းသာဖြစ်သည့်အတွက် မိုးရွာသွန်းပါက လမ်းများပျက်စီးမှုဖြစ်ပေါ်ပါကြောင်း၊ အုန်းတပင်လမ်းပိုင်းတွင် ရှိသည့် ပြန်မခချောင်းတွင်လည်း တံတားတစ်စင်းကို လွန်ခဲ့သည့် လေး၊ ငါးနှစ်ခန့်က တည်ဆောက်ခဲ့သော်လည်း ကောင်းမွန်ခြင်းမရှိသည့်အတွက် ပြန်လည်ဖျက်သိမ်းကာ နေရာ ပြောင်း၍ တံတားကို ပြန်လည် ဆောက်လုပ်ထားပါကြောင်း၊ အဆိုပါတံတားသည် ၁၂၉ ပေမြင့်မားသော်လည်း လက်တွေ့တွင် ပေ ၁၂၀ သာရှိခြင်းကြောင့် မိုးရွာသွန်းပါက တံတားကျိုးနိုင်ပါကြောင်း၊ လမ်း၏ အလယ်ပိုင်းလမ်းဖြစ်သည့် ဒနယ်ချောင်းဘေးတွင် လမ်းဧရိယာမရှိဘဲ နွေရာသီတွင်သာ ဆိုင်ကယ်များ ဖြတ်သန်းသွားလာနိုင်ပြီး မိုးရာသီတွင် မည်သို့မျှ သွားလာ၍ မရဘဲ ခြေလျင်ဖြင့်သာ အသုံးပြုနိုင်သည့် အခြေအနေဖြစ် ပါကြောင်း၊ ယခု မရကန်-ညောင်လှလမ်းပိုင်းသည် နိုင်ငံတော်၏ ထောက်ပံ့ငွေ မပါဘဲ ကိုယ့်အားကိုယ်ကိုး ကျောက်ချောလမ်းခင်းထားခြင်းဖြစ်ပါကြောင်း၊ ရေဦး- ညောင်လှအပိုင်းတွင်လည်း ခြောက်မိုင်ကိုသာ ကတ္တရာခင်းကျင်းနိုင်ပြီး ကျန် ၁၀ မိုင်သည် ရွှံ့စေးများသာ ဖြစ်သည့်အတွက် မိုးရာသီတွင် အသုံးပြုနိုင်ခြင်း မရှိပါကြောင်း၊ထို့ကြောင့် ဒီပဲယင်းမြို့နယ်၊ စိုင်ပြင်-အုန်းတပင်-မရကန်-ညောင်လှ-ရေဦး ကားလမ်းအား ရာသီမရွေးသွားလာနိုင်သည့် ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင်ပေးနိုင်ပါရန် စီမံကိန်းရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။