(က)-ပုလဲမြို့နယ်ရှိ လှိုင်းချောင်းတမံအပြီးဖျက် သိမ်း၍ နစ်နာခဲ့ရသည့် တောင်သူများအား နစ် နာကြေး ထောက်ပံ့ပေးရန် အစီအစဉ်ရှိ/မရှိကို သိလိုခြင်းနှင့် စပ်လျဉ်းသည့် မေးခွန်း
မေးခွန်း အကြောင်းအရာ
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ပုလဲ မြို့နယ်၊ ချင်းမြစ်ချင်းကျေးရွာအုပ်စု၊ နွယ်အင်း ကျေးရွာ အနီးတွင် လှိုင်းချောင်းရေလှောင်တမံကို ၂၀၀၅ ခုနှစ်တွင် စတင်တည်ဆောက်ပြီး၂၀၀၇ ခုနှစ်မှာ ပြီးစီးခဲ့ပါကြောင်း၊ စီမံကိန်းဆိုင်ရာအချက်အလက်များ အရ တမံ တည်ဆောက်ရေးအတွက် ကျပ်သန်း ပေါင်း ၁၅၃၀ ခန့် ကုန်ကျခဲ့ပြီး ဆည်ရေသောက်ဧရိယာ ဧက ၁၀၀၀ ကို စိုက်ပျိုး ရေပေးဝေနိုင်ရန် ရည်ရွယ်တည်ဆောက်ခဲ့သည်ဟု သိရှိရပါကြောင်း၊ ကန်ရေပြည့် ရေလှောင် ပမာဏ ၅၃၇၀ ဧကပေနှင့် ကန်ရေသေ ရေလှောင်ပမာဏ ၁၁၉၄ ဧကပေရှိသည်ဟုဆိုသော်လည်း တည်ဆောက်ပြီးစီးခဲ့သည့် ၂၀၀၇ ခုနှစ်မှစ၍ ယနေ့အချိန်အထိ သတ်မှတ်ရေလှောင်ပမာဏကို မစုဆောင်းနိုင်သကဲ့သို့ မူလစီမံကိန်း ရည်မှန်းချက်များအတိုင်း စိုက်ပျိုးရေပေးဝေနိုင်ခဲ့ခြင်း မရှိသည်ကို သိရပါကြောင်း၊ လယ်ယာမြေများ အသိမ်းမခံရမီအချိန် က မိမိတို့လယ်သမားများအနေဖြင့် တစ်ဧကကို မိုးနှမ်းပျမ်းမျှ ငါးတင်းခန့်နှင့် မိုးနှောင်း ကုလားပဲ တစ်ဧက ၁၅ တင်းကို စိုက်ပျိုးထွက်ရှိခဲ့ကြပါကြောင်း၊ သို့သော် စီမံကိန်းစတင်သည့် ၂၀၀၅ ခုနှစ်မှ ယနေ့အချိန်အထိ ၁၀ နှစ်ကျော်ကာလတွင် တမံအတွင်းရှိ လယ်မြေများသည် ထွန်ယက် စိုက်ပျိုးနိုင်ခြင်းမရှိသည့်အတွက်ကြောင့် ဆုံးရှုံးနစ်နာမှုတန်ဖိုးသည် အလွန်ကြီးမားများပြားပါကြောင်း၊ အကျိုးဆက်အနေဖြင့် ယခုအချိန်တွင် လယ်သိမ်းခံ မိသားစုများ သည် စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး အဘက်ဘက်က နိမ့်ကျပြီး ဒုက္ခရောက်နေကြပါကြောင်း၊ ၎င်းဒေသခံတောင်သူများ၏ အကျိုးစီးပွားကို ကာလရှည်ကြာစွာ ထိခိုက်နစ်နာစေသည့်အပြင် ပြည်သူ့ဘဏ္ဍာငွေအမြောက်များစွာကုန်ခဲ့သည့် လှိုင်းချောင်းရေလှောင်တမံကို အပြီးသတ်ဖျက်သိမ်းပြီး ၁၀ နှစ်တာကာလအတွင်း စီးပွားရေး၊ သီးနှံ၊ လယ်မြေဆုံးရှုံးခဲ့ရသည့် တောင်သူများအား နစ်နာကြေးထောက်ပံ့ပေးရန် အစီအစဉ် ရှိ/မရှိ နှင့် ပတ်သက်၍ မေးမြန်းပါသည်။