(င)-ငါးပြေမ 66 KV ခွဲရုံနှင့် ပုသိမ်မော်တင်စွန်း ပင်မဓာတ်အားပေးလိုင်းကြီးနှင့် ၁ မိုင်အတွင်းရှိ ကျေးရွာများ သို့ ၂၀၁၈-၂၀၁၉တွင် ဘတ်ဂျက်လျာထားပြီး ဓာတ်အားပို့လွှတ်နိုင်ရန် မည်သို့စီမံဆောင်ရွက်နေကြောင်း သိလိုသည့်မေးခွန်း

2020-12-16

ငပုတောမြို့နယ်ရှိ ငါးပြေမ 66 KV ခွဲရုံနှင့် ပုသိမ်မော်တင်စွန်း ပင်မဓာတ်အားပေးလိုင်းကြီးနှင့် ၁ မိုင်အတွင်းရှိ ဇီးချိုင်၊ ကံချိုင်၊ ကျောက်ချောင်း၊ ခမောက်မော်၊ ကညင်ချောင်း၊ ကုန်းတန်းကျေးရွာများသို့ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ဘတ်ဂျက်လျာထားထည့်သွင်းတွက်ချက်ပြီး လျှပ်စစ်ဓာတ်အား ပို့လွှတ်နိုင်ရန် မည်သို့စီမံဆောင်ရွက်နေကြောင်း သိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း

ငပုတောမြို့နယ်သည် ဧရာဝတီတိုင်းဒေသကြီး၏ အနောက်တောင်ဘက်စွန်းတွင်တည်ရှိပြီး ပင်လယ် များ၊ တောင်တန်းများ၊ မြစ်ချောင်းများနှင့် ပထဝီဝင်အနေအထားအရ ကွဲပြားခြားနားသည် မြို့နယ်တစ်ခု ဖြစ်ပါကြောင်း၊ ဗမာ၊ ကရင်၊ ရခိုင် တိုင်းရင်းသားများ စုပေါင်းနေထိုင်သည့် မြို့နယ်ဖြစ်ပါ ကြောင်း၊ အဓိကထွက်ကုန်ပစ္စည်းများမှ ဆန်၊ စပါး၊ နေလှန်းဆား၊ သစ် နှင့် ဥယျာဉ်ထွက်ပစ္စည်းများ ဖြစ်ပါကြောင်း၊  ပင်လယ်နှင့်နီးစပ်သည့်အတွက် ငါးဖမ်းလုပ်ငန်းကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ကိုင်လျက်ရှိပါကြောင်း၊ သယံ‌ဇာတများ မည်မျှပေါများသော်လည်း လျှပ်စစ်စွမ်းအင်လိုအပ်ချက်ရှိသည့်အတွက် ကုန်ပစ္စည်းများကို ကုန်ချောအဖြစ် စနစ်တကျမထုတ်လုပ်နိုင်သည့်အတွက် မိမိတို့ကုန်ပစ္စည်း များသည်  ကုန်ကြမ်းဈေးသာရပြီး ကုန်ချောဈေးမရပါကြောင်း၊ မြို့ပြနှင့် ကျေးလက်၏ အဓိက ကွာဟချက်သည် လျှပ်စစ်ကဏ္ဍဖြစ်ပါကြောင်း၊ မိမိတို့မြို့နယ်သည် လျှပ်စစ်မီးရရှိသည်မှ မကြာသေးပါကြောင်း၊ ပင်မဓာတ်အားပေးလိုင်းကြီးရှိနေသည့်အချိန် တစ်မိုင်အတွင်းမှာရှိသည့် ကျေးရွာတွေဟာ မီးလင်းသွားမည်ဆိုပါက ပိုမိုဖွံ့ဖြိုးလာမည်ဖြစ်သည့်အတွက် လျှပ်စစ်သည် မရှိမဖြစ် လိုအပ်လို့လာပါ ကြောင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်ရှိ ငါးပြေမ 66 KV ခွဲရုံနှင့် ပုသိမ်မော်တင်စွန်း ပင်မဓာတ်အားပေးလိုင်းကြီး၏ တစ်မိုင်အတွင်းရှိသည့် ဇီးချိုင်၊ ကံချိုင်၊ ကျောက်ချောင်း၊ ခမောက်မော်၊ ကညင်ချောင်း၊ ကုန်းတန်းကျေးရွာများကို ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်တွင် ဘတ်ဂျက်လျာရန်ရှိ/မရှိ ကို သိလိုပါကြောင်း မေးမြန်းပါသည်။