(ခ)-စစ်ကိုင်းမြို့၊ဆင်တပ်မြစ်ရေတင်စီမံကိန်းသည် စိုက်ပျိုးရေပြည့်မီအောင်မပေးနိုင်သေးခြင်း၊ရန်ပုံငွေ (၁၇၅)သန်းကိုမည်ကဲ့သို့ဆောင်ရွက်ထားသည်နှင့် စီမံကိန်းအကျိုးပြုဧက (၆၅၀၀) ကိုရေလုံလောက် စွာပေးဝေနိုင်ခြင်းရှိ/မရှိတို့နှင့်စပ်လျဉ်းသည့်မေးခွန်း
မေးခွန်း အကြောင်းအရာ
ဆင်တပ်မြစ်ရေတင်စီမံကိန်း၊ မြောင်းမကြီးသည် ပေပေါင်း ၆၀၇၂၀ ပေရှိပြီး (၁၁ မိုင် ၅ ဖာလုံ) မြောင်းအကျယ် ပေ ၂၀၀ ခန့်ရှိပါကြောင်း၊ လျာထားမြစ်ရေတင်ရေသောက်ဧကမှာ ကျောက်ဆည်ကွင်း ၁၆၅၈ ဧက၊ သိမ်ထဲကွင်း ၁၁၃၆ ဧက၊ သဲကတိုးကွင်း ၄၅၈ ဧက၊ ညောင်ပင်စင်ကွင်း ၇၃၅ ဧကနှင့် ရဲတရော်ကွင်း ၃၆၆ ဧက၊ ဆင်တာကွင်း ၂၁၂၀ ဧက စုစုပေါင်း ၆၅၀၀ ဧက ရေပေးဝေနိုင်ရန် လျာထားခဲ့သော်လည်း အမှန်တကယ် ဧက ၂၀၀ ခန့်သာ ပေးဝေနိုင်ခဲ့ကြောင်း အမှန်တကယ် မဆောင်ရွက်နိုင်ခဲ့ပါက ရေမရောက်သော၊ ရေရောက်လျှင်လည်း ပေါက်ပြဲကျိုးကျပြီး အရည်အချင်း မပြည့်မီ၍ မြောင်းပေါင်များကို ဖျက်သိမ်းပြီး တောင်သူများကို ပြန်ပေးသင့်ပါကြောင်းနှင့် စီမံကိန်းကို အမှန်တကယ်အောင်မြင်အောင် ဆောင်ရွက်နိုင်ခြင်း ရှိ/မရှိ သိရှိလိုပါကြောင်း ပထမအကြိမ်လွှတ်တော်တွင် မေးမြန်းခဲ့ပါကြောင်း၊
ထိုသို့ မေးမြန်းခဲ့ရာတွင် သက်ဆိုင်ရာ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးက ပြန်လည်ဖြေကြားခဲ့ရာတွင် ၂၀၁၃-၁၄ ရာသီတွင် သီးနှံဧက ၁၂၄၅ ဧက ပေးဝေနိုင်ပါကြောင်း၊ သာမန်ပြင်ဆင် ထိန်းသိမ်းစရိတ် ရန်ပုံငွေကျပ် ၁၇၅ သန်းဖြင့် လိုအပ်သည်များ ပြုပြင်ပြီး နှစ်အလိုက် ရန်ပုံငွေဖြင့် သတ်မှတ် စီမံကိန်းပြည့်မီအောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖြေကြားခဲ့ပါကြောင်း၊ သို့သော် ၂၀၁၅-၁၆ ဘဏ္ဍာရေး နှစ်တွင် ပြီးပြတ်မှုမရှိနိုင်ပါသဖြင့် ကတိကဝတ်စာရင်းတွင် ပယ်ဖျက်ခွင့်ပြုပါရန် လွှတ်တော်သို့ တင်ပြ လာပါကြောင်း၊ ထို့ကြောင့် စစ်ကိုင်းမြို့၊ ဆင်တပ်မြစ်ရေတင်စီမံကိန်းသည် ပြည်သူ့ဘဏ္ဍာငွေ အမေရိကန် ဒေါ်လာ ၁.၂၀၁ သန်းနှင့် မြန်မာကျပ်ငွေသန်းပေါင်း ၃၂၂၀.၀၂၄ အကုန်အကျခံ တည်ဆောက်ခဲ့ရခြင်း၊ မြောင်းပေါင်ပြုလုပ်ရာတွင် တောင်သူမြေများစွာ ပါဝင်သွားခြင်းတို့ ဖြစ်ပေါ်ခဲ့ပြီး နှစ်ပေါင်း ၁၂ နှစ်ကျော်တိုင်ခဲ့သော်လည်း စိုက်ပျိုးရေးပြည့်မီအောင် မပေးနိုင်သေးခြင်းနှင့် ချထားပေးသော ရန်ပုံငွေ ၁၇၅ သန်း မည်သည့်လုပ်ငန်းဆောင်ရွက်ထားသည်ကို သိရှိလိုပါကြောင်းနှင့် ယခုအစိုးရသစ် လက်ထက်တွင် သတ်မှတ် ထားသော စီမံကိန်းအကျိုးပြုဧက ၆၅၀၀ ကို စိုက်ပျိုးရေ လုံလောက်စွာ ပေးဝေနိုင်အောင် ဆောင်ရွက်ပေးနိုင်ခြင်း ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။