(က) - ဆွဲခန့် ဆရာ/ ဆရာမများအား အစိုးရခန့် ပညာရေး ဝန်ထမ်း ဆရာ/ဆရာမများ အဖြစ် ခန့် ထားပေးရန်အစီစဉ်ရှိ၊မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း

2020-12-16

မေးခွန်း အကြောင်းအရာ 

u win winမိမိတို့နိုင်ငံတွင် ကျေးရွာပေါင်း ခြောက်သောင်းကျော်ရှိပြီး ကျေးရွာများရှိ အစိုးရပညာသင်ကျောင်း အချို့တွင် အစိုးရခန့်ဆရာ/မများနှင့် လုံလောက်မှုမရှိသဖြင့် နီးစပ်ရာဘွဲ့ရ ပညာတတ်များကို အလျဉ်းသင်‌့ သလို ဆွဲခန့်ဆရာမများအဖြစ် လစာငွေကျပ်ခြောက်သောင်းမှ ခုနှစ်သောင်းနီးပါးထိ ငှားရမ်းပြီး ပညာသင်ကြားစေခဲ့ရပါကြောင်း၊ ဆင်းရဲနွမ်းပါးသည့် မိဘများအတွက် များကောင်းများမည် ဖြစ်သော်လည်း ဘွဲ့ရဆွဲခန့် ဆရာ/မများ၏ တစ်လဝင်ငွေမှာအလွန်နည်းပါးနေ သည်ကို တွေ့ရှိရပါကြောင်း၊

ဘွဲ့ရပြီးသည့် လူငယ်များထဲမှ ပညာရေးလောကကို စိတ်ဝင်စားကြသော လူငယ်အချို့သည် ပညာရေးဝန်ထမ်းအဖြစ် အစိုးရမှရွေးချယ်ခန့်ထားခြင်း မပြုသေးသော်လည်း ကျေးရွာများရှိ ကျောင်းများ၏ ပညာရေးလိုအပ်ချက်အရ ပထမအပိုင်းတွင်လုပ်အားပေးအဖြစ် လုပ် ခဲ့ကြရပြီး နောက်ပိုင်းတွင် ကျောင်းသား မိဘများက စေတနာနှင့်ထောက်ပံ့ရင် လစာအဖြစ် ရရှိကြခြင်းဖြစ်ပါကြောင်း၊ အစိုးရက ဆရာ/မ အဖြစ် ခေါ်ယူသည့် အချိန်များတွင် လျှောက်လွှာများ လျှောက်ထားခဲ့သော်လည်း အကြောင်း အမျိုးမျိုးကြောင့် အစိုးရခန့် ဆရာ/မများ အဖြစ် ခန့်ထားခြင်းမခံရခြင်းများလည်း ရှိနေပါကြောင်း၊

ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း (၁) ပုဒ်မ ၂၅ တွင် နိုင်ငံတော်သည် အသိပညာရှင်၊ အတတ် ပညာရှင်များ၏ အကျိုးကို ကူညီဆောင်ရွက်ရမည် ဟူ၍လည်းကောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၈ ပုဒ်မခွဲ (က) တွင်လည်း ပြည်သူများ၏ပညာရေးနှင့် ကျန်းမာရေးဖွံ့ဖြိုးတိုး တက်ရေးတို့အတွက် အလေးထား ဆောင်ရွက်ရမည်ဟူ၍လည်းကောင်း ပြဋ္ဌာန်းပါရှိပါသည်။ သို့ဖြစ်ပါ၍ ဘွဲ့ရပညာတတ်ချင်း အတူတူ ပညာရေးလောကကို အနစ်နာခံ၍ ဆောလျင်စွာတာဝန်ထမ်းဆောင်ခဲ့သော ရွာခန့်၊ ဆွဲခန့် ဆရာ/မများ၏ ဘဝအခြေအနေအား စာနာထောက်ထားသော အားဖြင့်လည်းကောင်း၊ ကန့်သတ်ချက်များ၊ လုပ်သက်များ ကိုကြည့်၍ သုံးနှစ်ဖြစ်စေ၊ ငါးနှစ်ဖြစ်စေ သတ်မှတ်၍လည်းကောင်း ကျေးရွာများမှ တတ်နိုင်သော လစာငွေ ကြေးဖြင့် ညှိနှိုင်း၍ ငှားရမ်းထားသော ရွာခန့်၊ ဆွဲခန့်ဆရာ/မများအား အစိုးရခန့် ပညာရေးဝန်ထမ်း ဆရာ/မများအဖြစ် ခန့်ထားပေးရန် အစီအစဉ်ရှိ/မရှိနှင့် အစီအစဉ်မရှိသေးပါက မည်သည့်အတွက်ကြောင့် မရှိသေးကြောင်း၊ အစီအစဉ်ရှိပါက မည်သည့်အချိန်မှစ၍ မည်သည့် စည်းကမ်းချက်များ သတ်မှတ်၍ ခန့်သွား ပေးသွားမည်ဖြစ်ကြောင်းကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။