(က)-ပရဟိတဘုန်းတော်ကြီး ကျောင်းများတွင်မှီခို ပညာသင်ကြားနေရသောမိမိ နိုင်ငံသားတိုင်းရင်း သား မိဘမဲ့ကလေးငယ်များအား နိုင်ငံသားကတ် စိစစ်ထုတ်ပေးရေး အစီအစဉ်ရှိ၊ မရှိနှင့်စပ်လျဉ်း သည့်မေးခွန်း
ပဲခူးတိုင်းဒေသကြီး၊ ကျောက်တန်းရွာပန်းပျိုးလက်ဘုန်းတော်ကြီးကျောင်းတွင် တိုင်းရင်းသား ကလေးများ နှစ်စဉ် ကျောင်းသားကျောင်းသူ ၄၀၀ ခန့်၊ ပဲခူးတိုင်းဒေသကြီး၊ မိုးညိုမြို့နယ် Yellow Generation Wave (YGW) မိဘမဲ့ ဘကကျောင်း တွင် ရှမ်းပြည်နယ်၊ စစ်ဘေးသင့်ဒေသများမှ ခိုကိုးရာမဲ့တိုင်းရင်း သားကလေးငယ် ၁၂၀ ကျော်၊ နေပြည်တော်၊ လယ်ဝေးက စမတောင်လူငယ်ဖွံ့ဖြိုးရေးဥယျာဉ်မှ ရက်သား၊ လသားအရွယ်မှ အထက်တန်းပညာနှင့် အဆင့်မြင့် ပညာ သင်ကြားနေသူများအထိ ရှိနေပြီး ဘွဲ့ရ ကျား ၄ ဦး၊ မ ၂၀ ဦးနှင့် ကလေးသူငယ်ပေါင်း ၆၀၀ ကျော်ရှိနေကြပါကြောင်း၊
မိမိတို့မရမ်းကုန်းမြို့နယ်ရှိ ဘကကျောင်းများအနက် ကုမာရ်ရာရာမ မူလွန်ဘုန်းတော်ကြီး ပညာ သင်ကျောင်း၏ ပဓာနဆရာတော်ဘဒ္ဒန္တကုမာရ်ရ ဆရာတော်ကြီးမှလည်း မိမိ၏ကျောင်းတွင် ရှိနေသည့် မိဘမဲ့ ကလေး သူငယ်များအား မွေးစာရင်းမရှိခြင်း၊ သန်းခေါင်စာရင်းမရှိခြင်းများကြောင့် အစစအရာရာ နိမ့်ကျပြီး နိုင်ငံမဲ့ကလေးများသဖွယ် အခွင့်အရေး ဆုံးရှုံးနေရခြင်း ဖြစ်သည့်အတွက်ကြောင့် နိုင်ငံတော် အနေဖြင့် ယခုအခါ ဘကကျောင်းတွင် ပညာသင်နေသော အ.မ.က ဆရာ/မတစ်ဦးကို ၃၆၀၀၀ ကျပ်၊ အ.လ.က ဆရာ/မတစ်ဦးကို ၄၁၀၀၀ ကျပ် လစဉ်ထောက်ပံ့ပေးနေခြင်းနှင့် ဘက ကျောင်းသားလေးများ အပါအဝင် မူလတန်းကျောင်းသား ငါးသန်းကျော်ကို စာရေးကိရိယာနှင့် စာအုပ်များထောက်ပံ့ပေးခြင်းကို သိရှိရပါကြောင်း၊ တစ်နိုင်ငံလုံး အတိုင်းအတာနှင့် ဘကကျောင်းများ ၁၆၀၀ ကျော် အပါအဝင် မိဘမဲ့ကလေးများကို စောင့်ရှောက်ထားသည့် ဌာနများတွင် တိုင်းရင်းသား ကလေးငယ်များ အရေးတကြီး လိုအပ်နေခြင်းကြောင့် နိုင်ငံသားစိစစ်ရေး ကတ်မရရှိခြင်းကို မည်ကဲ့သို့ လုပ်ဆောင်ရမည်ကို မသိခြင်းဖြစ်နေပါကြောင်း၊
တည်ဆဲဖြစ်သည့် ၁၉၈၂ ခုနှစ်၊ မြန်မာနိုင်ငံသား ဥပဒေအရ မြန်မာသက္ကရာဇ် ၁၁၈၅ ခုနှစ်၊ ခရစ် သက္ကရာဇ် ၁၈၂၃ ခုနှစ်မတိုင်မီကတည်းက အခြေချနေထိုင်ခဲ့ကြသည့် တိုင်းရင်းသားများနှင့် မျိုးနွယ်စုများသည် နိုင်ငံသားများဖြစ်ကြပြီး တိုင်းရင်းသားမိဘနှစ်ပါးမှ မွေးဖွားလာသူတိုင်းသည် မွေးရာပါ နိုင်ငံသားများဖြစ်ကြောင်းကို ပြဋ္ဌာန်းထားပြီးဖြစ်ပါကြောင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၂၁ ပုဒ်မခွဲ (က) ပါ နိုင်ငံသားတိုင်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် သတ်မှတ်ပြဋ္ဌာန်းထားသည့် တန်းတူညီမျှ အခွင့်အရေး၊ လွတ်လပ်မှု အခွင့်အရေး၊ တရားမျှတမှုအခွင့်အရေးတို့ ခံစားခွင့်ရှိသည်ဆိုသည့် နိုင်ငံတော်၏ အခြေခံမူများအတိုင်း မျှတသည့် ဘဝရပ်တည်ရှင်သန်မှုအတွက် နိုင်ငံသားစိစစ်ရေး ကတ်ရရှိရန် အထူးလိုအပ်ချက်ဖြစ်နေပါကြောင်း၊
ထို့ကြောင့် ပရဟိတဘုန်းကြီးကျောင်းများတွင် မှီခိုပြီး ပညာသင်ကြားနေကြသော မိမိတို့၏ နိုင်ငံသား တိုင်းရင်းသား မိဘမဲ့ကလေးများကို နိုင်ငံသားကတ်စိစစ်ထုတ်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် အစီအစဉ်ရှိပါက မည်ကဲ့သို့ ဆောင်ရွက်နေသည် ကို မြန်မာပြည် တစ်ဝှမ်းရှိ ဘကဆရာတော်များ၊ ပရဟိတအကျိုး ဆောင်ပုဂ္ဂိုလ်များ၊ ပြည်သူများသိရှိခွင့်ရအောင်နှင့် မရှိသေးပါက ဥပဒေ၊ နည်းဥပဒေနှင့်အညီ စီမံဆောင်ရွက်ပေးစေ လိုပါကြောင်းဖြင့် မေးမြန်းပါသည်။