(ခ)-မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့တွင်၆၆/၁၁KV ၅ MVAဓာတ်အားခွဲရုံတည်ဆောက်ရန်အစီအစဉ် ရှိ၊ မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း
မေးခွန်း အကြောင်းအရာ
မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့တွင် 66/11 KV 5 MVA ဓာတ်အားခွဲရုံတည်ဆောက်ရန် လွန်ခဲ့သော သုံးနှစ်ခန့်က ၁၂-၈-၂၀၁၃ ရက်နေ့တွင် မြိုင် မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်က ကြယ်ပွင့် မပြမေးခွန်း မေးမြန်းခဲ့သည့်အပေါ်တွင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးမှ ဓာတ်အားခွဲရုံ မလိုအပ်သေးပါကြောင်း၊ တိုးတက်များပြားလာသော ဓာတ်အားသုံးစွဲမှုကို လိုက်၍ လိုအပ်သည့် အချိန်တွင် ဝန်အားနိုင်နင်းမှုရှိမည့် ဓာတ်အားခွဲရုံကို စီမံကိန်းလျာထားချက်တွင် ထည့်သွင်း သွားမည်ဟု ဖြေကြားခဲ့ပါကြောင်း၊ မြိုင်-ကမ္မ 11 ဓာတ်အားလိုင်းမှ မီးလင်းကျေးရွာ ကိုးရွာရှိပါကြောင်း၊ ယခုအခါ မြိုင်-ကမ္မ 11 KV ဓာတ်အားလိုင်းမှ ကျေးရွာ ၄၅ ရွာထိ ခွဲယူသုံးစွဲနေခြင်းကြောင့် မြိုင်မြို့ပေါ် တွင် လျှပ်စစ်ဓာတ်အားများ အလွန်ပင်ကျဆင်းနေပါသဖြင့် သုံးစွဲ၍မရဖြစ်နေပါကြောင်း၊ ယခုလက်ရှိတွင် ရွာတွင်းမီးတိုင်များ စိုက်ထူပြီး မီးလင်းရန်အသင့်ရှိနေသည့် ရွာသုံးရွာနှင့် စီမံကိန်းအရ 11 KV ဓာတ်အားလိုင်းမှ နှစ်မိုင်အတွင်း မီးလင်းကျေးရွာ ရွာ ၂၀ လည်းရှိပါကြောင်း၊ ဓာတ်အားခွဲရုံမြေနေရာလည်း ရှိပြီးဖြစ်ပါကြောင်း၊
တိုးတက်များပြားလာသည့် ဓာတ်အားသုံးစွဲမှု ရှိလာခြင်းကြောင့် နောင်နှစ်များတွင် စီမံကိန်းအရ မီးလင်းကျေးရွာများရှိလာမည် ဖြစ်သောကြောင့် မိမိတို့မြိုင်မြို့တွင် 66/11 KV 5 MVA ဓာတ်အားခွဲရုံ လိုအပ် နေသည်မှာ အမှန်ဖြစ်ပါကြောင်း၊ ထိုသို့လိုအပ်လျက်ရှိသည့် ဓာတ်အားခွဲရုံကို တည်ဆောက် ပေးရန် အစီအစဉ်ရှိ/မရှိ၊ မရှိလျှင်လည်း မရှိသည့်အကြောင်းနှင့် ခွဲရုံမရရှိသေးလျှင်လည်း ဓာတ်အားများ ပြည့်မီအောင် မည်သို့ ဆောင်ရွက်ပေးမည်ကို သိရှိလို ပါကြောင်း မေးမြန်းပါသည်။