(ဂ)-ရခိုင်ပြည်နယ်၊ဘူးသီးတောင်၊မောင်တောနှင့် ရသေ့တောင် မြို့နယ်များတွင်မဟာလျှပ်စစ်ဓာတ် အားလိုင်းမှလျှပ်စစ်ဓာတ်အားပေးနိုင်ရန်အစီအစဉ် ရှိ၊ မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း
မေးခွန်း အကြောင်းအရာ
ပထမအကြိမ် ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး ၁၅-၈-၂၀၁၂ ခုနှစ်တွင် ယခင် လွှတ်တော်ကိုယ်စားလှယ်က ကြယ်ပွင့်ပြမေးခွန်းအဖြစ် မေးမြန်းခဲ့သည့်အတွက် ကတိကဝတ် ဖြစ်ခဲ့သော်လည်း ရန်ပုံငွေလျာထားသတ်မှတ်ရာတွင် ကန့်သတ်ထားခြင်း ခံနေရပါကြောင်း၊ ထို့ကြောင့် အစိုးရဝန်ကြီးဌာနအနေဖြင့် တာဝန်ယူမှု၊ တာဝန်ခံမှုကင်းမဲ့ပြီး လစ်လျူရှုထားသလို ဖြစ်နေပါကြောင်း၊ ဘူးသီးတောင်မြို့ပေါ်တွင် လွန်ခဲ့သည့်နှစ်က လျှပ်စစ်မီးတိုင် စိုက်ထူခြင်းနှင့် လျှပ်စစ်မီးကြိုးသွယ်တန်းခြင်း လုပ်ငန်းကို လုပ်ကိုင်ခဲ့ရာတွင် မီးတိုင်များ၏ အောက်ခံအုတ်ခုံများ မရှိသည့်အတွက် ပြိုကျလျက်ရှိပါကြောင်း၊ မီးကြိုးသွယ်တန်းရာတွင်လည်း မီတာ box မရှိသည့် တချို့အိမ်မျာတွင် တစ်အိမ်ထောင်လျှင် ငွေ ၉၀၀၀ ကျပ်ဖြင့် ကုမ္ပဏီဝန်ထမ်းများနှင့် EPC ဝန်ထမ်းများမှ ကောက်ခံယူသွားပါကြောင်း၊ ဘူးသီးတောင်မြို့နယ်တွင် အစိုးရက လောင်စာဆီ ခွဲတမ်းပေးနေ သည်ဆိုသော်လည်း လျှပ်စစ်မီး တစ်နေ့လျှင် ၃ နာရီခွဲခန့်သာ ရရှိလျက်ရှိပါကြောင်း၊ ရခိုင်ပြည်နယ်သည် သဘာဝဓာတ်ငွေ့ ပေါကြွယ်ဝသည့် ပြည်နယ်တစ်ခုဖြစ်ပါလျက် ယနေ့အထိ လျှပ်စစ်မီးမရရှိသည့်အပြင် အဆင်းရဲဆုံး ပြည်နယ်တစ်ခုဖြစ်နေပါကြောင်း၊ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်၊ မောင်တောနှင့် ရသေ့တောင်မြို့နယ်များတွင် မဟာဓာတ်အားလိုင်းမှ လျှပ်စစ် ဓာတ်အားပေးရန် အစီအစဉ်ရှိ/မရှိနှင့် မရှိပါက အဘယ်ကြောင့်မရှိပါသနည်း၊ ရှိပါက မည်သည့် အချိန် တွင် ဆောင်ရွက်ပေး မည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။