(င)-မကွေးတိုင်းဒေသကြီး၊မင်းတုန်းမြို့နယ်ပန်းညို ကြိုးပြင် ကာကွယ်တော အတွင်း ကျန်ရှိနေသော ကိုင်းမြေ၊ ဥယျာဉ် ခြံမြေ အား မူလ လုပ်ကိုင်ခဲ့ သည့် တောင်သူများကို လွတ်လပ်စွာစိုက်ပျိုးခွင့်ပြု ရန်နှင့်ပိုင်ဆိုင်ခွင့်ပြုရန်အစီအစဉ်ရှိ၊မရှိနှင့်စပ်လျဉ်း သည့် မေးခွန်း
မေးခွန်း အကြောင်းအရာ
မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့နယ် တောင်ဘက်ရှိ ကျေးရွာရှစ်ရွာမှ တောင်သူ ၁၄၀၁ ဦး၏ ဘိုးဘွားပိုင် ကျေးရွာများအပါအဝင် လယ်မြေ ၁၀၀၄ ဧက၊ ကိုင်းမြေ ၄၇၁ ဧက၊ ယာမြေ ၁၁၂ ဧက၊ ဥယျာဉ်ခြံမြေ ၆၁ ဧက နှင့် အခြားမြေ ၆၂၆ ဧက အပါအဝင် စုစုပေါင်း ၁၅၇၀၀ ဧကရှိ နယ်မြေများအား ၄.၃.၂၀၀၄ နေ့စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၁၇/၂၀၀၄ ဖြင့် သစ်တောဝန်ကြီးဌာနမှ ပန်းညိုကြိုးပြင် ကာကွယ်တော အဖြစ် သတ်မှတ်ကြေညာခဲ့ပါကြောင်း၊ ဒေသခံပြည်သူများ၏ တင်ပြတောင်းဆိုမှုကြောင့် သစ်တောဦးစီးဌာန အပါအဝင် စာရင်းကိုင်အဖွဲ့မှ ပြန်လည်စာရင်းကောက်ယူပြီး ပန်းညိုကြိုးပြင် ကာကွယ်တော ဧရိယာ သတ်မှတ် စဉ်က လွဲမှားစွာတိုင်းတာခဲ့သဖြင့် ပါဝင်သွားသော ရွာရှစ်ရွာ၏ ရွာမြေများနှင့် နယ်မြေများကို ကာကွယ်တော ဧရိယာမှ ပယ်ဖျက်ကြောင်းနှင့် မူလလုပ်ကိုင်ခဲ့သော တောင်သူများအား ပိုင်ဆိုင်ခွင့်ပြုကြောင်းကို ၂၀၁၃ ခုနှစ်တွင် ကြေညာခဲ့ပါကြောင်း၊ သို့သော် ကိုင်းမြေ ၄၇၁ ဧကနှင့် ဥယျဉ်ခြံမြေ ၆၁ ဧကကို ကာကွယ်တော ဧရိယာအတွင်းမှ ပယ်ဖျက်ခြင်း မရှိသေးပါကြောင်း၊ ယခုအခါ ၎င်းကာကွယ် တောအတွင်း ကျရောက်နေသော ကိုင်းများတွင် သစ်တောဦးစီးဌာနမှ သီးနှံသစ်တော ရောနှော စိုက်ခင်းအဖြစ် နှစ်ရှည်ခံအပင်ကြီးများ ဖြစ်သော ကျွန်းပင်နှင့် လျှော်ဖြူပင်များကို ကိုင်းများတွင် စိုက်ပျိုးခိုင်း ပါကြောင်း၊ သို့သော် ၎င်းအပင်များသည် အရိပ်ရ သော အပင်များ၊ လောင်းရိပ်ကျသော အပင်များဖြစ်သဖြင့် တောင်သူများမှ စိုက်ပျိုးလိုခြင်း မရှိပါကြောင်း၊ လောင်းရိပ်ကျလျှင် ပဲအမျိုးမျိုးနှင့် ဟင်းသီးဟင်းရွက်ပင်များ စိုက်ပျိုး၍ မရနိုင်ပါသဖြင့် ပိုင်ဆိုင်ခွင့် ရရှိပြီးဖြစ် သည့် ကိုင်းများတွင် လွတ်လပ်စွာ စိုက်ပျိုးနိုင်ရန်အတွက် စွန့်လွှတ် ဖယ်ရှားပေးရန် တောင်းဆိုခြင်း ဖြစ်ပါ ကြောင်း၊ သို့ပါ၍ ပန်းညိုကြိုးပြင်ကာကွယ်တောအတွင်း ကျရောက်နေသော ကိုင်းမြေ ၄၇၁ ဧကနှင့် ဥယျာဉ်ခြံ မြေ ၆၁ ဧကအား ပြန်လည်စိစစ်၍ မူလလုပ်ကိုင်ခဲ့သော ကိုင်းမြေလုပ်ကိုင်သူနှင့် ဥယျာဉ်ခြံမြေ လုပ်ကိုင်သူများ ထံ အမြန်ဆုံး ပြန်လည်ပေးအပ်ရန် အစီအစဉ်ရှိ/မရှိ သိလိုပါကြောင်း မေးမြန်းပါသည်။